ကရင်ပြည်နယ်၊ ဝေါ်လေဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း၍ သောင်ရင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် ချောင်းနံဘေးတွင် စစ်ရှောင်နေသည့် အိမ်ထောင်စု ၃၀ ခန့် ရေဘေးအန္တရာယ် ထပ်မံကြုံတွေ့နေရသည်ဟု စစ်ရှောင်အရေး ကူညီသူများထံမှ သိရသည်။
“တချို့ဆို ရေက ချက်ချင်းတက်လာတော့ အိုးတွေ၊ ခွက်တွေ၊ အဝတ်အစားတွေရော စောင်တွေ၊ ခြင်ထောင်တွေကလည်း မျောသွားတော့ အခုလက်ရှိ ဝေါ်လေချောင်းဘေးမှာပဲ မိုးကာလေးတွေနဲ့ နေနေတာပေါ့နော်” ဟု စစ်ရှောင်အရေးကူညီသူ မရီရီကပြောသည်။
အဆိုပါ စစ်ဘေးရှောင်များသည် ယခင်က ဝေါ်လေအပေါ် ပိုင်းတွင် နေထိုင်သူများ ဖြစ်ပြီး ယခုဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ချောင်းနံဘေးရှိ ပိုင်ရှင် မရှိသည့် နေအိမ်များတွင် နေထိုင်ကြသူများ ဖြစ်သည်။
“ထိုင်းဘက်မှာလည်း လက်မခံတော့ အဆင်ပြေတဲ့ နေရာမှာ နေတော့ မိုးက မနေ့က ရွာချလိုက်တော့ လက်ရှိ အမိုးလေးတွေနဲ့ တာလပတ်လေးတွေနဲ့ နေကြတာ”ဟု မရီရီက ဆိုသည်။
လက်ရှိ စစ်ရှောင်ရင်း ရေဘေးထပ်ကြုံရသူများအတွက် အဝတ်အစား၊ အိုးခွက်ပန်းကန်များနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေပြီး ကူညီလှူဒါန်းနိုင်ရန်လည်း စီစဉ်နေသည်ဟု ၎င်းက ပြောသည်။
အာရှလမ်းမအား စစ်တပ်မှ ပြန်လည်သိမ်းပိုက်ပြီးနောက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေါနတောင်တကြောတွင် နေထိုင်ကြသည့် ဒေသခံ ၂၇၀၀ ကျော် စစ်ရှောင်နေကြရသည်။
အချို့သော စစ်ရှောင်စခန်းများတွင် သစ်သားများဖြင့် နေအိမ်များ တည်ဆောက်နေကြသော်လည်း စစ်ရှောင်စခန်းအများစုမှာ တာလပတ်ခင်း၊ တာလပတ်မိုးထားသည့် တဲအိမ်များဖြင့်သာ နေထိုင်နေကြရဆဲ ဖြစ်သည်။
လက်ရှိတွင် သောင်ရင်းမြစ်ဘေး စစ်ရှောင်နေကြရသော ပလောတပို့စစ်ရှောင်များလည်း ရေဘေးအန္တရာယ် ကြုံနေကြရသည်ဟု သိရသည်။
တကျော့ပြန် စစ်ပွဲများကြောင့် စစ်ရှောင်လာရသည့် ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆန်နှင့် လုံခြုံသည့် နေအိမ်များ အရေးပေါ် လိုအပ်နေသည်ဟု သိရသည်။
“အရေးပေါ် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား အဲဒါ အရေးပေါ် ကူညီစေချင်တာပေါ့။ စားဖို့ ဆန်ရှိရင် ကျန်တဲ့အရာတွေက ဘာနဲ့ပဲ စားစား အဆင်ပြေတာပေါ့။ အိမ်ထောင်စု ၁၀၀/ ၅၀ အဲလောက်ပဲ ကူညီနိုင်တာပေါ့။ အဓိက စားဝတ်နေရေး အရေးကြီးတယ်။ ဆေးတွေ၊ ဘာတွေလည်း ရှိတယ်။ ကျန်းမာရေးက အခုချိန်မှာ ကောင်းပါသေးတယ်” ဟု မရီရီက ဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာ စသိမ်းထားသည့် အချိန်မှ ၂၀၂၅ ခုနှစ် နှစ်ဆန်းအထိ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူ ၃ ဒဿမ ၅ သန်းအထိရှိသည်ဟု ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
#ဝေါလေစစ်ရှောင် #ရေဘေးအန္တရာယ် #ThanLwinKhetNews




