သန္တာဖြူ
မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ပြည်တွင်းစစ် ပဋိပက္ခဖြစ်ပွားနေတာ ငါးနှစ်အတွင်းကို ချဉ်းကပ်ဝင်ရောက်လာခဲ့ပါပြီ။
အဲဒီအချိန်ကာလ တစ်ခုအတွင်း အရင်က ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခဲ့ကြတဲ့ ပြည်သူတွေဟာ စစ်ပွဲတွေကြား ယမ်းငွေ့တွေကြား ပြေးလွှားကြရင်းနဲ့ အချိန်တွေ ကုန်ဆုံးကာ လူနေမှု အဆင့်အတန်းတွေလည်း တစ်နေ့ထက် တစ်နေ့ နိမ့်ပါးလာခဲ့တယ်ဆိုတာ နိုင်ငံတကာက ကောက်ယူထားတဲ့ စစ်တမ်းတွေက သက်သေပြနေပါတယ်။
ဒါကြောင့် ပြည်တွင်းစစ် ပဋိပက္ခအတွင်းမှာ ပြည်သူတွေဟာ တိုးတက်မှုတွေ အကုန်ရပ်ဆိုင်းပြီး ဘဝခရီးကြမ်းကို အသီးသီး လျှောက်လှမ်းနေကြရတာပါ။
အဲဒီထဲမှာ ထိုင်း-မြန်မာနယ်စပ်တစ်နေရာက စစ်ရှောင်စခန်းတစ်ခုမှာ နေထိုင်တဲ့ အသက် ၂၀ ကျော်အရွယ် လူငယ်လေးတစ်ဦးဖြစ်တဲ့ စောသော့အယ်လည်း အပါအဝင်ပါ။
ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ
ဒီလူငယ်လေးဟာ နိုင်ငံတဝှမ်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပဋိပက္ခကြောင့် သူရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ မွေးရပ်မြေကို စွန့်ပြီး တစ်ခါမျှတောင် အကျွမ်းမဝင်ဘူးတဲ့ နယ်မြေသစ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။
စစ်မှုထမ်းဥပဒေက သတ်မှတ်ထားတဲ့ အသက်အရွယ်ထဲမှာ အကျူံးဝင်တဲ့အပြင် အတင်းအကြပ် စစ်မှုထမ်းဖို့ မဲဖောက်ခံရတာကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရသူပါ။
“အစ်ကိုဝမ်းကွဲက စစ်မှုထမ်းဖို့ မဲပေါက်တယ်။ ကျွန်တော်လည်း နောက်တစ်သုတ်ထဲ စာရင်းပါတော့ ထွက်ပြေးလာခဲ့တာ” လို့ ဇာတိမြေက ထွက်ပြေးလာခဲ့တဲ့ အကြောင်းကို ပြန်ပြောင်း ပြောပါတယ်။
လူငယ်တွေကို နေရပ်ကနေ စွန့်ခွာဖို့ ဖြစ်လာစေတဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းတဲ့ ဥပဒေ မထွက်ခင်တုန်းကတော့ စောသော့အယ်ဟာ သူတို့မြို့ရဲ့ စားသောက်ဆိုင်ကြီး တစ်ခုမှာ စားဖိုမှူးလုပ်ခဲ့တာပါ။
အဲဒီအလုပ်က ရတဲ့ ဝင်ငွေက သူတို့ မိသားစုရဲ့ စားဝတ်နေရေးအတွက် လောက်ငှရုံမက စုမိဆောင်းမိပါရှိခဲ့တယ်လို့ အဝေးက လှမ်းမြင်နေရတဲ့ ဒေါနတောင်တန်းတွေကို ငေးကြည့်ရင်း ပြောပါတယ်။
အာဏာမသိမ်းခင်တုန်းက သူရဲ့ အိမ်မက်ဟာ ရန်ကုန်မြို့ပေါ်က 5 Star ဟိုတယ်ကြီးတွေမှာ စားဖိုမှူးလုပ်ဖို့ပါ။
“သင်တန်း တက်ပြီးတော့ ဟိုတယ်အကြီးတွေမှာ စားဖိုမှူးဝင်လုပ်မလို့ပဲ။ အခုတော့ တောင်ယာထဲမှာ ပြောင်းဖူးချိုးတဲ့ အလုပ်လုပ်နေရတယ်” လို့ စောသော့အယ်က လက်ရှိ အခြေအနေကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်တကြောက ပြောင်းဖူးခြံတွေမှာ တစ်နေ့ကို ၂၀၀ ဘတ် (မြန်မာငွေ ၂၇၀၀၀ ကျပ်ဝန်းကျင်) နဲ့ မနက် ရှစ်နာရီ ကနေ ညနေ ငါးနာရီ အထိ အလုပ်ဆင်းရတဲ့ နေ့စားအလုပ်ကို နေပူကျဲထဲမှာ လုပ်နေရတာပါ။
ထိုင်းနိုင်ငံဘက်က စားသောက်ဆိုင်တွေမှာ ဝင်ရောက်လုပ်ကိုင်ဖို့ကလည်း အလုပ်လုပ်ကိုင်ခွင့် အထောက်အထားစာရွက်စာတမ်းမရှိတာကြောင့် သူ့ အိမ်မက်တွေဟာ ဝေးသထက် ဝေးခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် စစ်ကောင်စီဟာ စစ်သားသစ် ၇၀,၀၀၀ ခန့် စုဆောင်းထားပြီး ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီဟာ ဧပြီလက စပြီး တစ်လကို လူ ၅,၀၀၀ နှုန်းနဲ့ စုဆောင်းခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ၁၄ ကြိမ်မြောက် စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ။
ဒီဥပဒေကြောင့် လူငယ်ထောင်ပေါင်းများစွာဟာ စစ်မှုထမ်းခြင်းကို ရှောင်ရှားဖို့ နိုင်ငံတွင်းမှာ တိမ်းရှောင်ကြတာ၊ ပြည်ပကို ထွက်ပြေးတိမ်းရှောက်ကြတာတွေအပြင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီ ဝင်ရောက်ကြတာတွေလည်း ရှိနေပါတယ်။
ပညာရေးခရီးကြမ်း
ပြည်တွင်းမှာ စစ်ဖြစ်နေတာ အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်နေကြရတာ၊ အထောက်အထား မပြည့်စုံတာတွေနဲ့ ငွေကြေးအင်အားနည်းပါးမှုတွေကြားမှာ အဆင့်မြင့်ပညာကို ဆက်မလှမ်းနိုင်ဘဲ လမ်းစပြတ်နေကြတဲ့ အခြေအနေတွေကိုလည်း လူငယ်တွေ ရင်ဆိုင်နေကြရပါတယ်။
အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ဘေးကင်းလုံခြုံတဲ့ စာသင်ခန်းရဲ့ ဆန့်ကျင်ဘက်ကို ရောက်သွားတဲ့အထဲ အခြေခံပညာသင်ကြားနေတဲ့ ကျောင်းသားတွေလည်း ပါဝင်ခဲ့တာပါ။
စစ်ကောင်စီ အုပ်ချုပ်ရေးအောက်က ပညာရေးစနစ်ကို အယုံအကြည်မရှိတော့တာကြောင့် အမျိုးသားညီညွှတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားတဲ့ အွန်လိုင်းက ပညာသင်ကြားရေး ကျောင်းတွေမှာ တက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက် များပြားလာခဲ့ပါတယ်။
NUG ကြားကာလအစိုးရအဖွဲ့ရဲ့ ပညာရေးစနစ်အောက်မှာ ပညာဆည်းပူးရင် အဖမ်းခံလိုက်သူကတော့ အလယ်တန်းပညာကို ဆည်းပူးနေဆဲ မောင်အောင်အောင် (နာမည်လွှဲ)ပါ။
၂၀၂၃ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရကာ တစ်နှစ်ကျော်ကြာ ထိန်းသိမ်းခံရပြီးနောက် ကရင်ပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဆီကို သူရောက်ခဲ့ပါတယ်။ သူ တော်လှန်ရေးတပ်ဖွဲ့ထဲ ရောက်တဲ့ အချိန်မှာ အသက် ၁၅ နှစ်ပဲ ရှိပါသေးတယ်။ နုနယ်တဲ့ အရွယ်မရောက်သေးသူ ကလေးငယ်တစ်ယောက်ဟာ စာသင်ခန်းထဲမှာ စာအံနေရမယ့်အစား ယမ်းငွေ့တွေကြား နေထိုင်နေရတာပါ။
NUG လက်အောက်က ကျောင်းမှာ ပညာသင်ယူတာကြောင့် သူ့ မိသားစုဝင်အားလုံး ဖမ်းဆီးခံခဲ့ရပြီး အိမ်လည်း ချိတ်ပိတ်ခံခဲ့ရပါတယ်။ လက်ရှိအချိန်အထိ သူ့ မိသားစုဝင် သုံးယောက်က ထောင်ဒဏ်နှစ်ရှည်ကျခံနေကြရဆဲပါ။ ဒါတွေဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ပညာသင်ကြားခွင့် ဆုံးရှုံးပြီး ကန့်သတ် ထိန်းချုပ်မှုတွေ ရှိနေတယ်ဆိုတာ သက်သေပြနေတာ ဖြစ်ပါတယ်။
အောင်အောင်ကတော့ အာဏာမသိမ်းခင်က ဂိမ်းဆော့ဝဲလ်တွေ ရေးတတ်ခဲ့ပြီး အနာဂတ်မှာလည်း အင်ဂျင်နီယာဖြစ်ချင်တဲ့ အိမ်မက်ရှိခဲ့သူပါ။ အခုတော့ သူဟာ ကိုယ်ပိုင်လက်ကိုင်ဖုန်းတစ်လုံးတောင် လက်ထဲ မရှိတာမို့ အနာဂတ်အိမ်မက်က ရှေ့ဆက်ဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
“ကျွန်တော်ဆို ဂိမ်းတွေ၊ ဘာတွေ ရေးချင်တယ်။ ဒါပေမယ့် ကွန်ပျူတာ မရှိတော့ ဒီအတိုင်း နေနေရတာပေါ့” ဟု အိမ်မက်တွေ ရပ်တန့်ထားရတဲ့ အကြောင်းကို ပြောပါတယ်။
ဒါပေမယ့် သူ့ အိပ်မက်တွေ ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့ ယုံကြည်နေဆဲပါ။ အာဏာသိမ်းထားတဲ့ ကာလတွေမှာ ကျောင်းပြင်ပ ပညာရေးတွေကို အားစိုက်လေ့လာနေခဲ့တာကြောင့်ပါ။
“ထောင်ထဲမှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်အောင် လေ့လာခဲ့တယ်။ ပြီးရင် ၂၀၂၁ က စပြီး ဆော့ဝဲလ်ပိုင်းကို လေ့လာတာပေါ့” လို့ ဖိနှိပ်ချုပ်နှောင်ခံထားရတဲ့ကြားက သင်ယူတတ်မြောက်ခဲ့တာကို ပြောပါတယ်။
ဒါပေမယ့် သူနေထိုင်နေရတဲ့ နေရာက စစ်ပွဲတွေ ဖြစ်နေတဲ့ နေရာ၊ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ဖြစ်သလို သူလုပ်ချင်တဲ့ ဆော့ဝဲလ်ရေးနိုင်ဖို့ ကွန်ပျူတာလည်းမရှိတဲ့အပြင် အင်တာနက်လိုင်းလည်း မမိပါဘူး။ ဒီလို ပညာသင်ကြားခွင့်အကန့်အသတ်တွေနဲ့အတူ အွန်လိုင်းကတဆင့် ပညာဆည်းပူးဖို့ဆိုတာကလည်း အင်တာနက်လိုင်း အခက်အခဲနဲ့ သင်ထောက်ကူပစ္စည်း မပြည့်စုံမှုတွေကို ကြုံနေရတာပါ။
ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်းမှာ အရေးကြီး ဦးစားပေးလုပ်ဆောင်တဲ့ ကဏ္ဍက ကလေးတွေရဲ့ ပညာရေးပါ။ လက်ရှိ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံမှာတော့ အောင်အောင်လိုပဲ ကျောင်းနဲ့ ဝေးတဲ့ ကလေးတွေ တစထက်တစ များလာပါတယ်။
အာဏာမသိမ်းခင်က အခြေခံပညာအထက်တန်းကို သင်ယူနေဆဲ ကျောင်းသားတွေဟာ စစ်ကောင်စီသာ အာဏာမသိမ်းခဲ့ဘူးဆိုရင် အခုချိန်မှာ အဆင့်မြင့်ပညာကို သင်ယူနေကြရမှာပါ။ ဒါပေမယ့် နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခနဲ့ လေကြောင်းအန္တရာယ်တွေကြားမှာ ပညာရေး ရပ်တန့်ပြီး ပညာသင်ကြားခွင့် လမ်းပျောက်ခဲ့ကြရပါတယ်။
ဝေးကွာနေဆဲ အဆင့်မြင့်ပညာရေး
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး CDM ပါမောက္ခ ဒေါက်တာ နန်းသီတာအောင်က “အခုဆို လေးနှစ်တာကာလ ဖြစ်သွားပြီ။ အရွယ်အားဖြင့်ကလည်း အရမ်းကို ကွာဟသွားပြီ။ အရွယ်နဲ့အမျှ အသိဉာဏ်တွေလည်း ကွာသွားပြီး။ ကွာသွားတဲ့ အချိန်မှာ သူတို့က ဒီပညာကို ဆက်လက် လေ့လာခွင့် မရှိတဲ့အတွက်ကြောင့်မို့လို အသိဉာဏ် မဖွံ့ဖြိုးဘဲနဲ့ ရပ်တန့်သွားတယ်” လို့ သုံးသပ်ပါတယ်။
လက်ရှိ ပြည်တွင်းစစ်ပဋိပက္ခကြောင့် စစ်ကောင်စီ ထိန်းချုပ်နယ်မြေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်သူတွေ ကွဲပြားသလို ပညာသင်ကြားရေးစနစ်တွေကလည်း ကွဲပြားနေတာပါ။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း လက်ရှိအချိန်ထိ ကလေးတွေအတွက် ပညာသင်ကြားရေးက အကန့်သတ် ရှိနေဆဲပါ။ ဒါ့အပြင် အဲဒီနယ်မြေတွေမှာ အဆင်မြင့်ပညာသင်ယူနိုင်ဖို့ ကန့်သတ်ချက်တွေ ရှိနေသလို စစ်ပွဲကြား စစ်ကောင်စီရဲ့ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်ကို ကြောက်ရတာကလည်း အခက်အခဲတွေထဲက တစ်ခုပါ။
လက်ရှိမှာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးသူ စစ်ဘေးရှောင် ၃ ဒဿမ ၅ သန်းရှိနေပါတယ်။ အဲဒီထဲက ၁ ဒဿမ ၃၆ သန်းဟာ အရွယ်မရောက်သေးသူ ကလေးနဲ့ လူငယ်တွေပါ။
ဒစ်ဂျစ်တယ် AI ခေတ်မှာ ကမ္ဘာဟာ ရွာကြီးတစ်ရွာ ဖြစ်နေချိန် မြန်မာလူငယ်တွေကတော့ စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်မှု၊ လျှပ်စစ်မီး မမှန်ကန်မှုတွေကြား ရုန်းကန်ရင်း အခွင့်အလမ်းတွေ ရှာဖွေနေကြရဆဲပါ။
Photo- စစ်အာဏာရှင်အား တွန်းလှန်တိုက်ခိုက်ရန် သင်တန်းတက်ရောက်နေသော လူငယ်များ(သံလွင်ခက်)