စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲပြင်းထန်နေပြီး ဖေဖော်ဝါရီလ ၉ ရက်နှင့် ၁၀ရက်နေ့က တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့သည်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ယမန်နေ့ည ၁၀ နာရီခန့်က စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မူးဂွကျေးရွာမှ သဲကုန်းကျေးရွာ၏ အရှေ့တောင်ဘက်သို့ စစ်ကြောင်းထိုးစဉ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အနီးကပ်တိုက်ပွဲမှာ တစ်လုံးထိုးသေနတ်တွေနဲ့ပစ်တော့ စစ်ကောင်စီဘက်က နှစ်ယောက်ကျတယ်။ ပြန်အဆုတ်မှာလည်း မိုင်းကွင်းနဲ့ထပ်မိတော့ သူတို့တော်တော်အထိနာသွားတယ်” ဟု ၎င်းကပြောသည်။
အင်အား ၁၅ ဦးခန့်ရှိသည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ညကပင် အလောင်းကောက်ပြီး မူးဂွကျေးရွာသို့ ပြန်ဝင်သွားသည်ဟု ၎င်းကဆက်ပြောသည်။
တန့်ဆည်မြို့နယ်တွင် ဖေဖော်ဝါရီ ၉ ရက်နံနက်အစောပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်အင်ကုက္ကားကျေးရွာကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်ခဲ့သည်။
တန့်ဆည်မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဒီနေ့ အင်ကုက္ကားကျေးရွာမှာ ၁၅ လောင်းတွေ့တယ်။ ဒါကဘန်ကာတွေမှာ တွေ့တာ။ ဒဏ်ရာရပြီး ထွက်ပြေးတာတွေလည်း ရှိတယ်” ဟုပြောသည်။
စစ်ကောင်စီ၏ တပ်စခန်းကို သိမ်းနိုင်ခဲ့သော်လည်း ဒေသခံကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး အချို့ထိခိုက်ဒဏ်ရာ ရရှိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်များ ကောက်ယူခဲ့နိုင်ခြင်းမရှိဟု ၎င်းကပြောသည်။
ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ဆင်ငယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးကာ စခန်းကို သိမ်းယူရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။
Photo Crd –တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ မြင်ကွင်း။