ငွေညှစ်တောင်းခံနေသည့် စစ်ဆေးရေးဂိတ်တစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်
*****************************
ဖေဖော်ဝါရီ ၉၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှောင်လမ်းပေါ်ရှိ ငွေညှစ်တောင်းခံနေသည့် ယာပြင်စစ်ဆေးရေးဂိတ်ကို မဟာမိတ်ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါစစ်ဆေးရေးဂိတ်သည် ဖြတ်သွားဖြတ်လာ ပြည်သူများကို ဆက်ကြေးကောက် ငွေညှစ်တောင်းခံနေခြင်းများ ပြုလုပ်နေသောကြောင့် ယမန်နေ့ ဖေဖော်ဝါရီ၈ရက်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ဗိုလ်စံသျှားက သံလွင်ခက်ကို ပြောသည်။
” ငွေညှစ်တောင်းခံတာတွေအမြဲလုပ်နေတဲ့ဂိတ် မကျေနပ်ရင်မကျေနပ်သလို ရိုက်နှက်စစ်ဆေးတာမျိုးတွေပါ လုပ်လေ့ရှိတယ် ” ဟု ၎င်းက ဆိုသည်။
အဆိုပါဂိတ်အား ည ၉ နာရီဝန်းကျင်ခန့်တွင် မကွေးခရိုင် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၁ ရေနံချောင်းတပ်ခွဲ (PDF-Yenangyaung)၊ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖေကံကောင်းအဖွဲ့ များပူးပေါင်းကာ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
စစ်ဆေးရေးဂိတ်ထဲရှိ စစ်ကောင်စီတပ်သားများနှင့် ကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်အပြန်အလန် ပစ်ခတ်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အလစ်အငိုက်တိုက်ခိုက်ခံခဲ့ရသောကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်သည်ဟု ဗိုလ်စံသျှားက ပြောသည်။
“ ပြည်သူတွေမရှိတဲ့အချိန် ညဘက်ကို ရွေးချယ်တိုက်ခိုက်ဖြစ်ခဲ့တာ ကျွန်တော်တို့ဘက်က အလစ်ငိုက်စပစ်တာဆိုတော့ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ် အတည်ပြုနိုင်ဖို့ စုံစမ်းဆဲပါပဲ ” ဟု ၎င်းကဆိုသည်။
အဆိုပါ ယာပြင်စစ်ဆေးရေးဂိတ်သည် ယနေ့တွင် လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။