ရဟန်း၊သာမဏေနှင့် သီလရှင်များTit tok မဆော့ရန် မဟန ညွှန်ကြား
**********************
ဖေဖော်ဝါရီ ၉၊ ၂၀၂၃။
ရဟန်း၊သာမဏေနှင့် သီလရှင်များအနေဖြင့် Tit tok မဆော့ရန် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ အဆင့်ဆင့် ညွှန်ကြားထားသည်။
Tik tok, Facebook စသော လူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ရဟန်း၊ သာမဏေနှင့် သီလရှင်များက ဆိုခြင်း၊ ကခြင်း စသည့် သာမဏသာရုပ္ပမဖြစ်သော အပြုအမူများ မပြုလုပ်ရန် ညွှန်ကြားထားခြင်း ဖြစ်သည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ကျင်းပသော အဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့(ဒုတိယအဖွဲ့ခွဲ)၏ ပဉ္စမအကြိမ် နဝမအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ညွှန်ကြားလာခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်းမှ ကျောင်းထိုင်ဆရာတော် တစ်ပါးက မိန့်သည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) သည် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော်အစိုးရက ခန့်အပ်ထားသည့် အဆင့်အမြင့်ဆုံး သံဃအဖွဲ့အစည်းဖြစ်သည်။
နိုင်ငံတော် သံဃ မဟာနာယက အနေဖြင့် ဝိနည်းနှင့်မလျော်ညီသော အခြားအကြောင်းအရာများကိုလည်း ညွှန်ကြားချက်ထုတ်သင့်သည်ဟု ဆရာတော် မင်းသုည(ဗုဒ္ဓတက္ကသိုလ်) က မိန့်သည်။
“ ဒါတွေက ကိုယ့်ဘဝကို နိမ့်ကျ ပျက်စီးစေတယ်။သာသနာတော်ကိုလည်း ညှိုးနွမ်းစေတယ်။ ကိုယ့်ကို ကိုးကွယ်တဲ့သူတွေကိုလည်း မကြည်ညိုမလေးစားတာတွေဖြစ်စေတယ်။အင်တာနက်ဟာမီးလိုပါပဲ။ ကောင်းကောင်းအသုံးချတတ်လို့ရှိရင် ထမင်းချက်လို့ရတယ်။အသုံးမချတတ်ရင် အိမ်ကြီး ပြာကျတတ်တယ်။အဲဒီလိုပဲ ကောင်းတာအသုံးချရင် ကောင်းတာရမယ်၊ မကောင်းတာအသုံးချရင် မကောင်းတာတွေဖြစ်မယ်။ဒါကြောင့်မို့ အဆိုးဘက်ကိုမသွားဘဲနဲ့ နည်းပညာတွေကို အကောင်းဘက်ကို အသုံးချပြီး ဗဟုသုတယူကြပါလို့ ” ဆရာတော် မင်းသုညက မိန့်သည်။
ဆက်လက်၍ ဆရာတော်မင်းသုညက “ ဒီနေရာမှာပိုပြီး ပြောချင်တာက သံဃနာယက ကအမိန့်တွေကို တကယ် ထုတ်မယ်ဆိုရင် ဒီထက်ပိုဆိုးတဲ့ ကန့်ဘလူစစ်ကိုင်းဘက်မှာ မဘသ ဘုန်းတော်ကြီး ပျူစောထီး စစ်သင်တန်းပေးနေတာ တစ်တိုင်းပြည်လုံးသိတယ်။ ဒီလိုမျိုးတွေကို ပိုပြီးတော့ အမိန့်ထုတ်သင့်တယ် ” ဟု မိန့်သည်။
လက်ရှိသံဃမဟာနာယက၏ ထုတ်ပြန်ချက်ကို မြို့နယ်သံဃနာယက အဖွဲ့များမှတစ်ဆင့် ကျောင်းထိုင်၊ ဆရာတော်များနှင့် ကျောင်းအုပ်၊ ချောင်အုပ်၊ ဇရပ်သီလရှင်ဆရာကြီးများထံလည်း အဆင့်ဆင့် ညွှန်ကြားထားသည်။
ဂီတ၌ပျော်ရွင်နေခြင်း ၊ ပန်းရနံများအပေါ်သာယာခြင်း ၊ သီဆို ကခုန်ခြင်း အမှုများကို ပြုမူချိုးဖောက်ခြင်း မရှိရန် စောင့်ထိန်း ရမည်ဟု ရှင်သာမဏေများ စောင့်ထိန်းဆောက်တည်ရသော ဆယ်ပါးသီလတွင်လည်း ဖော်ပြထားသည်။
ပုံစာ – နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန) အစည်းအဝေးပြုလုပ်နေသည့်မြင်ကွင်း။
Photo – HZ