ချင်းပြည်နယ် ၊ ထန်တလန်မြို့ရှိ ရဲစခန်းကို CNA နှင့်CDF တို့မှပူးပေါင်းတိုက်ခိုက်ခဲ့ရာ စခန်းကိုသိမ်းပိုက်နိုင်ပြီးလက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
အဆိုပါရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကို ယနေ့ နံနက်အစောပိုင်း၌သိရခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီတပ်ကလေကြောင်းမှ ထန်တလန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု CDF တပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ထန်တလန်မြို့ရဲစခန်းအား ချင်းအမျိုးသားတပ်ဦး CNF/A နှင့် CDF-Thantlang တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်မျိုးစုံ ၄၀ ကျော်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထိုစခန်းအား စတင်တိုက်ခိုက်ခဲ့ချိန်၊ သိမ်းပိုက်ရရှိချိန်နှင့် နှစ်ဘက်ထိခိုက်မှုအခြေအနေများအား CNA နှင့် CDF-Thantlang ထံ သံလွင်ခက်မှ ကြိုးစားဆက်သွယ်နေရာ ဆက်သွယ်၍ မရရှိသေးပေ။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။ယနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်များဖြင့် ထန်တလန်မြို့တွင်းနှင့် ထန်တလန်မြို့နယ်တစ်ဝိုက်ကို ယမ်းသမ်း၍ ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက နံနက် ၈နာရီကျော်အချိန်တွင်ပြောသည်။
ပြီးခဲ့သောလတွင် ထန်တလန်မြို့နယ်ရှိ CNF/A ဌာနချုပ်ကို စစ်ကောင်စီတပ်က တိုက်လေယာဥ်များဖြင့် နှစ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CNA ရဲဘော် ၅ ဦးကျဆုံးခဲ့ရသည်။
ထို့ပြင် ထန်တလန်မြို့သည် လက်ရှိအာဏာသိမ်းကာလအတွင်း၌ တစ်နိုင်ငံလုံးတွင် မြို့ပေါ်အဆောက်အဥဦးအများဆုံး မီးရှို့ဖျက်ဆီးခံထားရသောမြို့ဖြစ်ပြီး ဘာသာရေးအဆောက်အဦးနှင့်နေအိမ် ၁၀၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရသည်။
ပုံစာ–ထန်တလန်မြို့ ရဲစခန်းအားသိမ်းပိုက်ခဲ့သည့်ဖြစ်စဥ်တွင် သိမ်းဆည်းရမိသော လက်နက်၊ခဲယမ်းများ။