ကရင်နီပြည်(ကယားပြည်နယ်)ရှိ စစ်ဘေးရှောင်များသည် ရေရှားပါးမှု ပြဿနာများနှင့် ကြုံနေရသောကြောင့် ရေကိုအကန့်အသတ်ဖြင့် သုံးနေရသည်ဟု သိရသည်။
စစ်ရှောင်အများဆုံးရှိသည့် ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများ၌ ရေးရှားပါးနေမှုကြောင့် စစ်ရှောင်မိသားစုတစ်စုလျှင် တစ်နေ့ ရေ၃ဂါလံမှ ၅ဂါလံ( တစ်ဂါလံလျှင် တစ်လီတာ ရေသန့်ဗူး ၄ ဗူးရ)ရရှိပြီး ထိုဝေစုမှချက်ပြုတ်ရန်နှင့်သောက်သုံးရန်အတွက် အသုံးပြုနေရသည်။
” စစ်ရှောင်စခန်းထဲ ရေလှောင်ကန်ထားထားတယ်။မိသားစု တစ်စုကို တစ်ရက်ကို ၃ဂါလံ၊ ၅ဂါလံဆံ့တဲ့ရေပုံး တစ်ပုံး၊မိသားစုများရင် နှစ်ပုံး ခပ်ခွင့်ရှိတယ်။အဲ့ဒီကရတဲ့ရေနဲ့ သောက်ဖို့ရော ချက်ပြုတ်ဖို့ရော အကုန်လုံးဖြေရှင်းရတယ် “ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိစစ်ရှောင်စခန်းများတွင် ရေရှားပါးမှုပြဿနာနှင့်အဓိကကြုံနေကြရခြင်းဖြစ်ပြီးရေကားများဖြင့်သယ်ယူပို့ဆောင်ပေးရန်မှာလည်း ဆီစျေးနှုန်းကြီးမားနေ၍ အခက်တွေ့နေရသည်။
စက်သုံးဆီတစ်ဂါလံလျှင် ကျပ်တစ်သောင်းကျော်အထိပေးနေရသောကြောင့် စစ်ရှောင်စခန်းများအတွက် ကားဖြင့်ရေသယ်ယူရာ၌လည်းကောင်း၊ ရေတင်ရာ၌လည်းကောင်း လိုအပ်သည့်ပမာဏ၏ အနည်းငယ်ကိုသာ ပေးနိုင်သည်ဟု သိရသည်။
“တချို့စစ်ရှောင်စခန်းတွေဆို ၁မိုင် ၂မိုင်လောက်ဝေးတဲ့ ရေထွက်ပေါက်ရှိတဲ့နေရာထိသွားခပ်ရတာရှိတယ်။အလှူရှင်တွေ၊ အဖွဲ့စည်းတွေလည်း လာလှူတာလဲရှိပေမယ့် စစ်ရှောင်စခန်းတွေအတွက် လုံလောက်တဲ့ပမာဏအထိတော့ မလှူနိုင်ကြဘူး “ဟု ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ခံက သံလွင်ခက်ကိုပြောသည်။
နှစ်စဉ်ရေရှားပါးမှုများရှိနေသည့် ဒီးမော့ဆိုမြို့နယ်တွင် ပုံမှန်အခြေအနေ၌ မိုးရာသီတွင် ရေများသိုလှောင်၍အသုံးပြုကြရသည်။
လက်ရှိတွင် ဒေသခံများသည် စစ်ဘေးရှောင်နေကြရသည်မှာ နှစ်နှစ်နီးပါးကြာမြင့်လာပြီးဖြစ်သည့်အပြင် စစ်ရှောင်စခန်းများတွင် မိုးရေကိုလုံလောက်စွာမသိုလှောင်ထားနိုင်သောကြောင့် နွေရာသီအစပိုင်းကတည်းက ရေရှားမှုနှင့်ကြုံနေရခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ရေရှားပါးသည့်အတွက် တစ်ကိုယ်ရေ သန့်ရှင်းမှုပိုင်းများအားနည်းလာပြီး အဝတ်များကိုလည်း မလျှော်ဖွတ်နိုင်ဘဲ ချွေးစိုအဝတ်များကို နေလှန်၍သာ ထပ်ကာထပ်ကာပြန်ပြန် ဝတ်နေရသောကြောင့် အရေးပြားရောဂါများဖြစ်ပွားလာသည်ဟုသိရသည်။
ရေရှားပါးမှုပြဿကိုမဖြေရှင်းနိုင်၍ အရေးပြားရောဂါဖြစ်ပွားမှုများနှင့်ကြုံနေကြရသော ကရင်နီစစ်ဘေးရှောင်များသည် ရောဂါကုသရန်အတွက်လည်းဆေးဝါး မလုံလောက်မှုနှင့်ပါကြုံနေကြရသည်။
“အဓိက ဆေးဝါးအခက်ခဲရှိနေတာက သယ်ယူမှုကြောင့်ပါပဲ ။တချို့ဂိတ်တွေမှာဆ်ို ဆေးဝါးသယ်လာတာတွေ့ရင်ပေးမဖြတ်တော့ဘူး။ ဖျားနာတာတွေရှိလာရင် ဟိုဆေးရုံသွားဒီဆေးရုံသွားပြောရအောင်လည်း ဆေးရုံတွေကမရှိဘူးလေ။
ရှိတဲ့ဆေးတွေနဲ့ပဲ လိုက်ပတ်ကုနေရတာပေါ့။ပြင်းထန်တဲ့ရောဂါတွေ ကျောက်ကပ်ရောဂါတွေအတွက်တော့ ဆေးမရှိဘူး။အခုလောလောဆယ် နှာစေး၊ချောင်းဆိုးအတွက်တောင် ဆေးဝါးအခက်ခဲရှိနေတယ်ဗျ ” ဟု စစ်ဘေးရှောင်ကူညီသူတစ်ဦးကပြောသည်။
ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၁ ခုနှစ်မေလကတည်းက စတင်ဖြစ်ပွားခဲ့သောတိုက်ပွဲများမှ ကရင်ပြည် နေရာအနှံ့၌တိုက်ပွဲများတောက်လျောက်ဖြစ်ပွားနေခဲ့ရာ ဒေသခံပြည်သူ ၁၈၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြရသည်ဟု ကရင်နီလူခွင့်အရေးအဖွဲ့ထံမှသိရသည်။
ကရင်နီပြည်တွင် အာဏာသိမ်းကာလအတွင်း၌ စစ်ဘေးရှောင်ပြည်သူ ၄၃၀ ဦးသေဆုံးထားသည်ဟု ယခုလဖေဖော်ဝါရီ ၁ရက်တွင် တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ကထုတ်ပြန်ထားသည်။
သေဆုံးသူများသည် စစ်ကောင်စီတပ်များပစ်ခတ်ခြင်း၊ လက်နက်ကြီးထိမှန်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခံရခြင်း၊ မိုင်းထိမှန်ခြင်းနှင့်ဆေးဝါးကုသမှုခက်ခဲခြင်း စသည့်အကြောင်းအရာများကြောင့် အဖြစ်များသည်ဟု သိရသည်။