အမှတ်၁၄ ယမ်းချက်စက်ရုံကို ပူးပေါင်းတပ်ပစ်ခတ်
************************
သံလွင်ခက်။
ဖေဖော်ဝါရီ ၉၊ ၂၀၂၃။
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အခြေစိုက် အမှတ်၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်ထားသည်။
ငဖဲမြို့နယ်အခြေစိုက် အမှတ်၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံရှိ ယမ်းချက်စက်ရုံကို ယမန်နေ့ည ၂နာရီဝန်းကျင်အချိန်တွင် ၁၀၇ မမ လျော့တိုက်ဒုံး ၂လုံး၊ RPG ၁လုံးတို့ဖြင့် သွားရောက်ပစ်ခတ်ခဲ့သည်ဟု People’s Revolution Alliance (PRA-Magway)မှထုတ်ပြန်စာတွင် ပါရှိသည်။
ထိုဖြစ်စဉ်ကို People’s Revolution Alliance(PRA-Magway) ဟော်လုံစစ်ကြောင်းနှင့် မော်လုံစစ်ကြောင်းတို့မှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ထိုပစ်ခတ်မှုတွင် အဆောက်အဦးနှင့် စစ်ကောင်စီတပ်သားများသေဆုံးမည်ဟု ယူဆရသော်လည်း နောက်ဆက်တွဲအခြေအနေများကို သီးခြားအတည်ပြုနိုင်ရန် သံလွင်ခက်မှ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။
ထို့ပြင် ၎င်းတို့၏ရပ်တည်ချက်များ မူဝါဒများကိုဆွဲကိုင်ကာ တော်လှန်ရေးအရှိန် ယခုထက်အောင်မြင်စေရန် စစ်ရေးအရှိန်ကိုပိုမို တိုးမြှင့်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ကြေငြာထားသည်။