မြင်းမူထီးဆောင်းရွာစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံး
******************
ဖေဖော်ဝါရီ ၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ စစ်ကိုင်း-မုံရွာလမ်းပေါ်ရှိ ထီးဆောင်းရွာ စစ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ရင်းများပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု မြင်းခြံခရိုင်တပ်ရင်း၇ Zero ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ စခန်းကို ယနေ့ နံနက်၁နာရီခန့်ကနေစတင်ခဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု Zeroပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
” လေးနာရီလောက်မှာစခန်းထဲထိ ဝင်သိမ်းနိုင်ခဲ့တယ်။ စခန်းထဲရောက်တော့ အလောင်း၁၅ယောက်လောက်တွေ့ရတယ်။ အလောင်းတောင်မကောက်နိုင်ဘဲ အဲကောင်တွေပြေးသွားတာ ” ဟု ၎င်းကပြောသည်။
ထီးဆောင်ရွာတွင် စစ်ကောင်စီအင်အားလေးဆယ်ခန့်ရှိပြီး အခိုင်အမာတပ်စွဲထားခြင်းဖြစ်သော်လည်း မဟာမိတ်တပ်များပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆင်ရေးကို တပ်ရင်း ၇ မြင်းခြံခရိုင်၊ ZERO ပျောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၉ ရွှေဘိုခရိုင်တပ်ရင်း ၂ ၊ စစ်ကိုင်းခရိုင်၊ တပ်ခွဲ၂ GTR- မြင်းမူ နှင့် တပ်ရင်း ၁ ကျောက်ဆည်ခရိုင်နှင့် နဂါးနီ-ကျောက်ဆည် တို့မှ တပ်ရင်း ၄ ရင်းတို့က မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထိုစခန်းသိမ်း တိုက်ပွဲအတွင်း၌ MA3 ၁ လက်၊ကျည်ဘောက် ၁ ခု၊ 5.56 ကျည် ၁၈ တောင့်၊ ကာဘိုင် သေနတ် ၁ လက်၊ကျည်ဘောက် ၃ ခု၊ကာဘိုင်ကျည် ၁၀၄ တောင့်၊ 9 ball ကိုးလုံးကျည်- ၇၆ တောင့်၊ Jammer စက် ၂ လုံး၊ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်ယူနီဖောင်း ၂ စုံ၊ စစ်ဖိနပ် ၃ ရံနှင့် စစ်ဦးထုပ် ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
” စခန်းထဲကပစ္စည်းတွေလက်နက်တွေသိမ်းပြီး မီးရှို့ဖျက်စီးခဲ့တယ် ။ ဂျက်ဖိုက်တာဝဲလာလို့ ပြန်ဆုတ်ခဲ့ရတယ် ” ဟု ကိုသက်ကြီးက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။