စစ်ရှောင်ပြည်သူများတွင် အဆုံးစီရင်မှုများ ရှိလာ
*****************
ဖေဖော်ဝါရီ ၄၊၂၀၂၃။
ကယား (ကရင်နီပြည်နယ်) အတွင်းရှိ စစ်ရှောင်ပြည်သူများတွင် အဆုံးစီရင်မှုများ ရှိလာနေသည်ဟု ကူညီသူများက သံလွင်ခက်ကို ပြောသည်။
စားနပ်ရိက္ခာအခက်အခဲ၊ အမိုးအကာ မလုံလောက်မှုများနှင့် ကြုံတွေ့နေရပြီး နေရပ်ပြန်ရန် စိန်ခေါ်မှု အတားအဆီးများကြောင့် ဖြစ်သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF)အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
“ အဓိကက စိတ်ဖိစီးမှုပါပဲ။ စစ်ရှောင်ရတာ ကြာလာတော့ အိမ်ပြန်ချင်တဲ့စိတ်တွေ များလာတယ်။ စစ်ရှောင်တဲ့နေရာမှာလည်း စားနပ်ရိက္ခာ မလုံလောက်တော့ ဒါတွေကြောင့်ပါ ” ဟု ၎င်းက ပြောသည်။
၂၀၂၂ခုနှစ် ဒီဇင်ဘာနောက်ဆုံးအပတ်တွင် ကရင်နီစစ်ရှောင် စခန်းတစ်ခုတွင် အမျိုးသမီးတစ်ဦး အပါအ၀င် သုံးဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည်ဟု ဆိုသည်။
ကောက်ယူထားသည့် စာရင်းများအရ ကယား(ကရင်နီ) ပြည်နယ်တွင် ထွက်ပြေးတိမ်းရှောင်နေကြရသည့် စစ်ရှောင်ပြည်သူများ တစ်သိန်းရှစ်သောင်းကျော်အထိ ရှိနေသည်။
စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး၀င်ရောက်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး တစ်ချို့ စစ်ဘေးရှောင်များအနေဖြင့် ပါလာသည့် အ၀တ်အထည်များကို ခင်းပြီး နေထိုင်နေကြရသည်ဟု ဆိုသည်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ အစ်မတို့အနေနဲ့က ဘယ်အချိန် အိမ်ပြန်နိုင်မလဲဆိုတာ မမှန်းတက်ဘူး။ အစ်မတို့အနေနဲ့ကတော့ စစ်ပြီးချင်တာ ဘဲသိတယ်။ နောက်ထပ်ဘယ်လောက်ထိ ခံစားနေရအုံးမှာလဲ မသိဘူး။ ပြီးလဲပြီးချင်လှပြီ ” ဟု ၎င်းက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးတွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် ဒေသခံပြည်သူ ၁၄၇၃၀၀၀ဦးအထိရှိသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး (UNOCHA)က ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ – ဒီးမော့ဆို စစ်ဘေးရှောင်များ။
Photo – CJ