ဈေးဆိုင်ပိတ်ရန်မလိုသည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ပြုလုပ်မည်
***************************
ဂျာမုန်း
ဇန်နဝါရီ ၃၀၊၂၀၂၃။
ဈေးဆိုင်များပိတ်ရန်မလိုသည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကို အာဏာသိမ်း ၂ နှစ်ပြည့် ဖေဖေဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ရန် ဦးဆောင်သူများက စီစဥ်နေသည်။
တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူများအန္တရာယ်ကင်းစေရန် ဈေးဆိုင်များကို ပိတ်ထားရန်မလိုဘဲ အပြင်ထွက်သွားလာခြင်း မပြုရန်သာ လိုသည်ဟု အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု-GSCB အဖွဲ့ဝင် တစ်ဦးက ပြောသည်။
GSCB အဖွဲ့ဝင် ကိုနန်းလင်းက “ ခုတစ်ခေါက်မှာတော့ ဆိုင်တွေ ဈေးတွေပိတ်ဖို့ မတောင်းဆိုဘဲနဲ့ ကိုယ့်အမိုးအကာအောက်က ကိုယ့်အိမ်ထဲ ကိုယ်နေမယ်၊ ကိုယ့်ဆိုင်ထဲမှာ နေရင်းနဲ့ ပါဝင်နိုင်တယ်ဆိုတာကို လှုံ့ဆော်ထားပါတယ် ” ဟု ပြောသည်။
“ တိတ်ဆိတ်မှုနဲ့သက်သေပြ တရားမဝင်ရွေးကော်ပွဲကို တိုက်ဖျက်ကြ ” ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ်မြောက် Silent Strike ကို ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီထိ ပြုလုပ်နိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ပုဂံက အရောင်းဆိုင်တစ်ဦးက ဆိုင်မပိတ်ဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပါဝင်မည်ဖြစ်သည်ဟု ဆိုသည်။
၎င်းက “ အရင်နှစ်ကတော့ ဆိုင်ပိတ်တယ်။ ဒီနှစ်တော့ဖွင့်မယ်။ ဒါပေမယ့် မလာကြနဲ့ပေါ့။ အရင်နှစ်က ဆိုင်ပိတ် မပိတ်လိုက်ကြည့်ပြီး လိုက်စင်သိမ်းမယ့်အထိ သူတို့ကပြောတာ။ ပိတ်တာမိတဲ့ဆိုင်တွေအကုန် ခံဝန်နဲ့ ပြဿနာတက်သွားတယ် ” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကမူ ညနေပိုင်းမှသာ ဆိုင်ဖွင့်မည်ဟု ပြောသည်။
သူမက “ Silent Strike ပြီးတဲ့အချိန် ညနေပိုင်းလောက်မှ ဆိုင်ဖွင့်မယ်။ မနှစ်ကလည်း ဆိုင်တွေအကုန် ညနေစောင်းမှဖွင့်တာ။ ဆိုင်ဝင်ငွေလျော့သွားမှာ မစိုးရိမ်ပါဘူး။ တစ်နေ့တည်းနဲ့တော့ ဘာမှမဖြစ်ဘူး ” ဟု ပြောသည်။
ယခင်က စစ်အာဏာရှင်ကို ကန့်ကွက်ဆန့်ကျင်သည့် အစီအစဉ်များကြောင့် ဖိအားပေး အရေးယူဖမ်းဆီးမှု၊ နှောက်ယှက်မှုများရှိသော်လည်း ပြည်သူများ၏ ညီညွတ်စွာပူးပေါင်းပါဝင်မှုကြောင့် သပိတ်များ အောင်မြင်ခဲ့ပြီး နိုင်ငံတကာအသိအမှတ်ပြုမှုများလည်း ရရှိခဲ့သည်။
GSCB အဖွဲ့ဝင် ဒေါက်တာတေဇာဆန်းက “ ပြည်သူ့အာဏာ အဓမ္မသိမ်းပိုက်ခံရတာ ၂ နှစ်ပြည့် အဲဒီနေ့မှာ နိုင်ငံတကာက မြန်မာ့နိုင်ငံရေးကို ပိုပြီးစောင့်ကြည့်ကြမယ့်နေ့ရက်ဖြစ်မှာပါ။ ဒါကြောင့် ပြည်သူတစ်ရပ်လုံးက ဒီစစ်အာဏာရှင်အောက်မှာ အသားကျမသွားပါဘူး၊ သွေးအေးမသားပါဘူးဆိုတာ ကမ္ဘာသိ ပြသကြဖို့လိုတယ် ” ဟု ပြောဆိုထားသည်။
တော်လှန်ရေးအင်အားစုများကမူ Silent Strike အချိန်အတွင်း အပြင်မထွက်ဘဲ ရန်ပုံငွေတိုးစေမည့် Digital Stirke (Click လုပ်ခြင်း) ကို တိုးမြင့်လုပ်ဆောင်ကြရန် တိုက်တွန်းသည်။
ထို့ပြင် စစ်အာဏာရှင်ကို ဆန့်ကျင်ရေး ဖော်ထုတ်သရုပ်ပြနိုင်သည့် Performance မှန်သမျှ၊ နည်းနာမှန်သမျှကို ဉာဏ်ရှိသလို လုံခြုံရေး သတိပြု ဆောင်ရွက်ကြရန် ပြောသည်။
ယခုတစ်ခေါက် ပြည်လုံးကျွတ် Silent Strike လှုပ်ရှားမှုမှာ စစ်အာဏာသိမ်းမှုနှင့်အတူ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ရပ်ကိုပါ ပူးပေါင်းအကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု ဦးဆောင်သူများက ပြောသည်။
ယခင် Silent Strike လှုပ်ရှားမှုများကို ၂၀၂၁ ခုနစ် မတ်လ ၂၄ ရက်၊ ဒီဇင်ဘာလ ၁၀ ရက်နှင့် ၂၀၂၂ ခုနစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ဖူးပြီး သုံးကြိမ်လုံး အောင်မြင်မှုရရှိခဲ့သည်။