ခြေနှစ်ဖက်ဆုံးရှုံးထားပေမယ့် တော်လှန်ရေးခရီးဆုံးခန်းတိုင် လျှောက်လှမ်းဖို့ ဆန္ဒပြင်းပြနေတဲ့ ရဲဘော်နှစ်ဦး
*****************************
Saw Smith
ဇန်နဝါရီ ၃၀၊ ၂၀၂၃ ။
” ငါတို့ပေးဆပ်လိုက်ရတာ အလကားပေးဆပ်လိုက်ရတာမှမဟုတ်တာ ဒီမိုကကရေစီအတွက်ပဲ ။ ငါတို့စိတ်ဓာတ်ကျစရာ မလိုဘူး ”
ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးလိုက်ရသည့် ရဲဘော်နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် အားပေးနှစ်သိမ့် ပြောဆိုနေကြခြင်းပင်။
တပ်ရင်းထဲမှာ ခြေနှစ်ဖက်ဆုံးရှုံးထားရသည့် ဘဝတူ ရဲဘော်နှစ်ဦး စကားလက်ဆုံကျတိုင်း စိတ်ဓာတ်မကျဖို့ အကြောင်းအရာတွေကိုပဲ ပြောဖြစ်တယ်လို့ အသက် ၁၉ နှစ်အရွယ် ရဲဘော်ဂျိုဝါလင်းက ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအစပိုင်းတွင် ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နယ်မြေရှင်းလင်းရေး ပြုလုပ်နေချိန်တွင် မိုင်းနင်းမိပြီး ရဲဘော်ဂျိုဝါလင်း ခြေနှစ်ဖက်ပြတ်ခဲ့ရသည်။
ဆေးရုံးတွင် နှစ်ကြိမ် ခွဲစိတ်မှုပြုလုပ်ပြီး တစ်လကျော် ဆေးကုသမှုခံပြီးနောက် အခုလ ၇ ရက်တွင် မိခင်တပ်ရင်းသို့ ရဲဘော်ဂျိုဝါလင်း ပြန်ရောက်လာခဲ့သည်။
ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၁တွင် ခြေထောက်ဆုံးရှုံးထားရသည့်ရဲဘော် ၄ ဦးရှိပြီး ခြေနှစ်ဖက်လုံးဖြတ်ထားရသည်က ရဲဘော်ဂျိုဝါလင်းနှင့် ရဲဘော်ပီတာဦး နှစ်ထဲသာ။ ကျန်ရဲဘော်နှစ်ဦးက ခြေတစ်ဖက်စီ ဆုံးရှုံးထားကြသည်။
” ကျွန်တော်နဲ့ ပီတာဦးက ဘာတွေပြောဖြစ်လည်းဆို ငါတို့စိတ်ဓာတ်ကျစရာ မလိုဘူး။ တိုင်းပြည်အတွက်အလုပ်လုပ်နေတာပဲ။ ငါတို့ပေးဆပ်လိုက်ရတာ အလကားပေးဆပ်လိုက်ရတာမှ မဟုတ်တာ။ ဒီမိုကရေအတွက်ပဲ အဲလိုမျိုးအားတင်းထားကြတာပေါ့။ တစ်ယောက်နဲ့တစ်ယောက်နှစ်သိမ့်ပြီးတော့ပေါ့ “ဟု ရဲဘော်ဂျိုဝါလင်းက ပြောသည်။
ဒီးမော့ဆိုမြို့နယ် ဒေါ့ငံခါးကျေးရွာတွင် နေထိုင်ကြသူများလည်းဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်း မကွာလှသည် သူတို့နှစ်ဦးတွင် တူညီသည့်အချက်များစွာ ရှိနေသည်။
နှစ်ဦးစလုံးက မိသားစုထဲတွင် အကြီးဆုံးသားများဖြစ်ကြပြီး အာဏာသိမ်းကာလ အစောပိုင်းကတည်းက တော်လှန်ရေးရဲဘော်များအဖြစ် ပါဝင်နေခဲ့ကြသည်။
မိဘများမှာလည်း ၂၀၂၁ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သည့် ဒီးမော့ဆိုတိုက်ပွဲကတည်းက စစ်ဘေးရှောင်နေကြရသည်မှာ နှစ်နှစ်ပြည့်တော့မည် ဖြစ်သည်။
ထို့ပြင် ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးထားသည့်တိုင် တော်လှန်ရေးခရီးတွင် ဆုံးခန်းတိုင်ပါဝင်ရန် နှစ်ဦးလုံး ဆန္ဒပြင်းပြနေကြသည်။
” ကျွန်တော်က မကျေနပ်သေးဘူးလို့ ပြောရမလား။ တော်လှန်ရေးကို ဆက်လုပ်ချင်သေးတယ်။ မပြီးသေးဘူးပြောရမလား။ ကျွန်တော်စိတ်နဲ့ဆို အဆုံးထိသွားမယ်ပေါ့ ။ ခြေတုတပ်ပြီးတော့ ရှေ့တန်းတော့ပြန်ထွက်နိုင်မှာ မဟုတ်ဘူးပေါ့။ စိတ်ဝင်စားတဲ့ ဒရုန်းကို ပြန်မောင်းဖို့တော့ စဥ်းစားထားတယ်။ လိုင်းပေါ်မှာတွေ့ရတဲ့ ဒရုန်းစစ်ဆင်ရေးတွေကို တအား အားကျတယ်။ တော်တော်ထိရောက်တယ်။ ခြေထောက်ပြန်ကောင်းရင် အနာတွေကျတ်ပြီးဆိုရင် ဒရုန်းသင်တန်းတွေတက်မယ်။ ပြီးတော့ ဒရုန်းစစ်ဆင်ရေးဘက်မှာ လုပ်မယ်လို့ စဥ်းစားထားတယ် ” ဟု ရဲဘော်ဂျိုဝါလင်းက ပြောသည်။
တပ်ရင်းက သူ့၏စိတ်ဆန္ဒကို ဖြည့်ဆည်းပေးမည်ဟု ဆိုထားသော်လည်း တပ်ရင်းတွင် ကားတစ်စီးထဲသာ ရှိသဖြင့် သင်တန်းသွားရန် ကားက မအားလပ်ဖြစ်နေသည်။
ထို့ကြောင့် ခြေတုတပ်ပြီး သွားလာနိုင်မှ ဒရုန်းသင်တန်းတက်ရောက်လာနိုင်မည့် အခြေအနေဟု ရဲဘော်ဂျိုဝါလင်းက ပြောဆိုသည်။
“ ခြေတုတပ်သွားနိုင်ဖို့ အနာကကောင်းကောင်းကျတ်ဖို့ဆို အနည်းဆုံး ၃လလောက် လိုအုံးမယ်။ အခုကတည်းက သွားချင်တယ်။ ဒါပေမယ့် တပ်ရင်းမှာ အဆင်မပြေဘူး။ ကျွန်တော်တို့တပ်ရင်းမှာက ကားတစ်စီးပဲရှိနေတာ တပ်ရင်းမှုးနဲ့ ဒုတပ်ရင်းမှူးတို့က သူတို့အစည်းအဝေးတွေရော လုပ်စရာရှိတာတွေရော မအားဘူးဖြစ်နေတယ် “
ရဲဘော်ဂျိုဝါလင်းနည်းတူ ခြေနှစ်ဖက်ဆုံးရှုံးထားပြီး တော်လှန်ရေးအတွက် ပြင်းပြတဲ့ ဆန္ဒတွေရှိနေသည့် ရဲဘော်ပီတာဦးကလည်း ကွန်ပြူတာကို သင်ယူပြီး တပ်ရင်း၏ သတင်းအချက်အလတ်နှင့်ပြန်ကြားရေးပိုင်း ၊ ဘဏ္ဍာရှာဖွေရေးပိုင်းများတွင် လုပ်ဆောင်ရန် ကြိုးစားနေသည်။
သို့သော်ကိုယ်ပိုင်ကွန်ပြူတာ မရှိ၍ ကောင်းကောင်းမလေ့ကျင်နိုင်ဖြစ်နေသည်ဟု ရဲဘော်ပီတာဦးက ပြောသည်။
” ကွန်ပြူတာက ဟိုးတလောတုန်းက နေ့တိုင်းလိုလိုသင်ဖြစ်တယ်။ လေ့ကျင်တာက ဆရာမကွန်ပြူတာ အားတဲ့အချိန် စာရင်း၊ ဇယားတွေယူပြီး စာရိုက်တာလုပ်ဖြစ်တယ် “ ဟု၎င်းက ပြောသည်။
ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၁ တွငးတပ်စုမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်ပီတာဦးသည် ပြီးခဲ့သည့်နှစ် မေလ၂၆ ရက်တွင် မိုင်းထိမှန်ပြီး ခြေနှစ်ဖက် ဆုံးရှုံးခဲ့ရသည်။
တော်လှန်ရေးခရီးတွင် ဆက်လက်ပါဝင်ချင်သည့် စိတ်များဖြင့် ရဲဘော်ပီတာဦးတစ်ယောက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ခြေတုများတပ်၍ လမ်းလျှောက် လေ့ကျင့်ခဲ့သည်။
သို့သော်လည်း ညာခြေထောက်က ပြန်နာနေသဖြင့် လမ်းလျှောက်ကျင့်သည်ကို နားနေရသည်ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ရဲဘော်နှစ်ဦးလုံး ဆေးကို ရက်ချိန်းဖြင့် ပြနေရသည့်အပြင် ပတ်တီးဖိုးကစ ရဲဘော်နှစ်ဦး၏ အထွေထွေအသုံးစရိတ်အတွက် အမြဲလိုအပ်ချက်ရှိနေသည်ဟု ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း၁မှ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ အယ်မီးလျာနန်းကပြောသည်။
ခြေနှစ်ဖက်ဆုံးရှုံးထားရမှုအတွက် စိတ်ဓာတ်ကျ၊ စိတ်အားငယ်မှုများ မဖြစ်သော်လည်း လုပ်ချင်သည့် စိတ်ဆန္ဒများကို အကော်အထည်ဖော်နိုင်ရန် လိုအပ်ချက်များစွာရှိနေသည့် အခြေအနေကြောင့် တစ်ခါတရံ စိတ်ပျက်မိသည်ဟု ရဲဘော်နှစ်ဦးက အားမလိုအားမရဖြင့် ပြောဆိုသည်။
ပုံစာ-ရဲဘော် ဂျိုဝါလင်း(ဝဲ) နှင့် ရဲဘော်ပီတာဦး(ယာ)။