ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မြို့ပြပြောက်ကျားတပ်ဖွဲ့ မီးရှို့ဖျက်ဆီး
********************************
ဇန်နဝါရီ ၂၄၊ ၂၀၂၃ ။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဘုရားသုံးဆူမြို့ပြပြောက်ကျားအဖွဲ့တာဝန်ရှိက သံလွင်ခက်ကို ပြောသည်။
ယမန်နေ့ ဇန်နဝါရီလ၂၃ရက် ညပိုင်းတွင် ဘုရားသုံးဆူမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ စည်ပင်ရုံးနှင့်လူဝင်မှုကြီးကြပ်ရေးရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။
“ ညက ဖြစ်စဉ်က ဘုရားသုံးဆူ မြို့ထဲမှာပါဗျ ။ မြို့ထဲမှာ စကစ တပ်ကုန်း စခန်းတစ်ခုရှိတယ်။ ထွေအုပ်ရုံးအနားမှာဘဲဗျ။ ထွေအုပ်ရုံးနဲ့ စည်ပင်ရုံးက ဘေးချင်းဘဲ။ လဝကရုံးက မြို့တွင်း စျေးဓမ္မာရုံအရှေ့နားလောက်ပါ ” ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့များက အဆိုပါရုံးများကို မီးရှို့ဖျက်ဆီးနေစဥ်တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းကုန်းအတွင်းမှ ထွက်မလာကြဘဲ လက်နက်ကြီးများဖြင့်သာ ပစ်ခတ်နေခဲ့သည်ဟု သိရသည်။
” လက်နက်ကြီးနဲ့ပစ်တာက မြေကြီးပါတုန်တယ်။ ကြာအင်းဆိပ်ကြီးဘက်ကနေ လှမ်းပစ်တာလို့ သိရတယ် “ ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ဘုရားသုံးဆူ လူဝင်မှုကြီးကြပ်ရေးရုံး ၊ ဘုရားသုံးဆူ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အရှေ့ရှိ ပိတ်ဆို့ထားသော ဘန်ကာများသည် ပြည်သူများ သွားလာလှုပ်ရှားရာတွင် အခက်အခဲများ ၊ စိတ်အနှောက်အယှက်များ စွာဖြစ်နေခြင်း၊ စင်ပင်ရုံးမှလည်း ပြည်သူများထံမှ အခွန်များမတရားကောက်ခံနေခြင်းနှင့် စစ်ကောင်စီယန္တယားများရပ်တန့်စေချင်ခြင်းတို့ကြောင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
” အဓိကကတော့ CDM မလုပ်ထားတဲ့ ဝန်ထမ်းတွေကို သိစေချင်လို့ပါ “ဟု ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် အမြန်ဆုံးပြည်သူများနှင့်အမြန်လက်တွဲ၍ CDM ပြုလုပ်ကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။
ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီလက်အောက်၌အလုပ်လုပ်နေသော ဝန်ထမ်းများတို့သည် တစ်စုံတစ်ခုဖြစ်ပေါ်ပါက မည်သူ တစ်ဦးတစ်ယောက်မျှ ကာကွယ်ပေးနိုင်ခြင်းမရှိခဲ့သည်ကို ယမန်နေ့ညဖြစ်စဉ်တွင် တွေ့မြင်ရမည်ဖြစ်သည်ဟု လည်း ၎င်းက ဆိုသည်။
ထို့အပြင်စစ်ကောင်စီ အတွက် သတင်းပေးနေသော ၊ စစ်ကောင်စီထောက်တိုင် ဆိုင်ကယ် ကယ်ရီသမားများ ၊ လူပုဂ္ဂိုလ်များအနေဖြင့် ယနေ့မှစပြီး မိမိတို့လုပ်ရပ်များကို ရပ်တန့်ရန်အတွက် သတိပေးအပ်သည်ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ပုံစာ – ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီဌာနရုံးများ မီးလောင်ပျက်စီးမှုများ။