မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဆီများ ကန့်သတ်ပိတ်ဆို့ရေးဆောင်ရွက်ပေးရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရက တောင်းဆိုထားသည်။
အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူများအား ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံအနှံ့ကျူးလွန်လျက်ရှိပြီး သိသာထင်ရှားသောစစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်နေသည့်ရာဇဝတ်မှုများဖြစ်သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၃ရက်စွဲပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတွင် အကြမ်းဖက်စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ပေးရန် စသည့်အချက်များပါဝင်သည့် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
NUG အနေဖြင့် အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုပြီး လေယာဉ်ဆီများဝယ်ယူရရှိနေခြင်းကို ပိတ်ပင်တားဆီးမှုများထိရောက်စွာဆောင်ရွက်ပေးရန်လိုသည်ဟု မြန်မာပြည်သူများကိုယ်စား တောင်းဆိုထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာပိတ်ဆို့အရေးယူရေးအဖွဲ့များအနေဖြင့်မြန်မာပြည်သူလူထုအတွက် မဖြစ်မနေအရေးယူမှုများဆောင်ရွက်ပေးသင့်ပြီး အဆိုပါအရေးယူမှုများသည်ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၃ နှစ်ကုန်ပိုင်းအထိ တစ်နှစ်တိတိ အပစ်အခတ်ရပ်စဲမည်ဟု ကြေညာထားသော်လည်းယခုဇန်နဝါရီအတွင်း၌ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ကချင်ပြနယ်နှင့် စစ်တိုင်းတိုင်းဒေသကြီးတို့၌ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိနေသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် စစ်ကောင်စီက ဇန်နဝါရီလ ၁၈ရက်မှစ၍ သုံးရက်ဆက်ဆိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၁၈ရက်နေ့ ဗုံးကြဲမှု၌ မိုးတားလေးကျေးရွာရှိ အမျိုးသမီး၆ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟုသိရသည်။
ပုံစာ–ကသာတွင် လေကြောင်းမှတိုက်ခိုက်မှုကြောင့် ပျက်စီးမီးလောင်မှုများ