NUG PDF တပ်ရင်းရှေ့တန်းစခန်းတစ်ခု ဝေဟင်၊မြေပြင်တို့မှ စီးနင်းတိုက်ခိုက်ခံရ
********************************
ဇန်နဝါရီ ၂၄ ၊ ၂၀၂၃ ။
စစ်ကောင်စီတပ်က အင်အားအလွန်အကျွံအသုံးပြု၍ ဝေဟင်နှင့် မြေပြင်တို့မှနေ၍ ရှေ့တန်းစခန်းနေရာတစ်ခုအား စီးနင်းတိုက်ခိုက်ခဲ့သောကြောင့် စစ်ကြောင်းမှူးတစ်ဦး ကျဆုံးခဲ့ရသည်ဟု NUG PDF တပ်ရင်းအမှတ် (၁၂၂၂)က ယမန်နေ့တွင်သတင်းထုတ်ပြန်သည်။
ယခုလ ဇန်နဝါရီ ၂၀ရက်၊ မွန်းလွဲ ၁၂း ၃၀ နာရီအချိန်တွင် မိုးကုတ်မြို့နယ် မိုင်းဟုန်း ကျေးရွာအနီးရှိ NUG PDF တပ်ရင်း ၁၂၂၂ ရှိသည့် ရှေ့တန်းစခန်းနေရာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၀ မိနစ်ခန့်အကြာ နှင့် မြေပြင်မှလည်း အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်း ၄ ကြောင်းထိုး၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
လေကြောင်းတိုက်ခိုက်မှုတွင် ဝေဟင်မှ ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးသီး ၃၀ လုံးခန့် ကြဲချခဲ့သည့်အပြင် စက်လက်များဖြင့်လည်း ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်။ မြေပြင်စစ်ကြောင်းထိုး၍ တက်လာခဲ့သော စစ်ကောင်စီ တပ်သားများမှလည်း ၄၀ မမ၊ ၆၀ မမ ၊M9 များ ၊ ငါးကြင်းမှီးများဖြင့်လည်း တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ တပ်ရင်း ၁၂၂၂ မှ စစ်ကြောင်းမှူးတစ်ဦးသည် လေယာဥ်ပေါ်မှ ကြဲချသော လက်နက်ကြီး ဗုံးစံ ထိမှန်ကာ ကျဆုံးခဲ့ရပြီး ရဲဘော် ၃ ဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကာ(မစိုးရိမ်ရ) ကျန်ရဲဘော်များမှာ ကာပစ် ပစ်၍ ဆုတ်ခွာနိုင်ခဲ့သောကြောင့် အထိအခိုက်မရှိခဲ့ဟု သိရသည်။
စစ်ကောင်စီတပ်များက မြေပြင်စစ်ကြောင်း ထိုးရုံသာမက ဝေဟင်မှလည်း တိုက်ခိုက်ခဲ့သောကြောင့် စခန်းအား စွန့်ခွာခဲ့ရပြီး စခန်းရှိ မီးစက်၊ဒိုင်နမို၊ ဆိုင်ကယ်(၅)စီး၊ ရိက္ခာပစ္စည်းအမြောက်အများ၊ ရဲဘော်များ၏ ကျောပိုးအိတ်များနှင့် တခြားသော ပစ္စည်းတချို့ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
စစ်ကြောင်းထိုး တိုက်ခိုက်မည်ကို ကြိုတင်သတင်းရရှိခဲ့ခြင်းကြောင့် စခန်းအနီးတွင် တိုက်မိုင်းများကြိုတင် ထောင်ထားခဲ့သည့်အတွက် မြေပြင်မှတက်လာသည့် စစ်ကောင်စီတပ်သား ၃၀ ဦးနီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း မြေပြင် ဒေသခံများသတင်းပေးပို့မှုကြောင့် အတည်ပြုနိုင်ခဲ့သည်ဟု တပ်ရင်း ၁၂၂၂ ကထုတ်ပြန်ထားသည်။
ပုံစာ – တပ်ရင်း ၁၂၂၂ ရဲဘော်များနှင့် ဒဏ်ရာရရဲဘော်တစ်ဦးအား သယ်ထုတ်လာစဥ်။