စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်သည့် ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြား ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ တိုက်ပွဲဖြစ်ပွါးခဲ့သည်။
သုံးရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောင်းမှူးနှင့် အရာရှိဗိုလ်ကြီးများ အပါအဝင် တပ်ဖွဲ့ဝင် ၅၀ ခန့်သေဆုံးခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှဧရာဝတီမြစ်ကမ်းဘေးကျေးရွာဖြစ်သည့် ကသာမြို့နယ် မိုးဒါးလေးကျေးရွာသို့ ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
စစ်ကြောင်းထိုးလာစဉ် ဆင်ကုန်တိုင်ကျေးရွာနှင့် မိုးဒါးလေးကျေးရွာအကြား မိုးဒါးလေးကျေးရွာမရောက်မီ တစ်မိုင်ခွဲခန့်အလိုတွင် KIA၊ ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ လောက်သေဆုံးတယ်။ စစ်ကြောင်းမှူးတွေရော ဗိုလ်အဆင့်ရှိတဲ့သူတွေရော အားလုံးပါသွားတယ်။ အဲဒါကြောင့် သူတို့လေကြောင်းပစ်ကူနဲ့ ဆက်တိုက်လာပစ်ကြတယ်” ဟု၄င်းကပြောသည်။
တိုက်ပွဲတွင်ထိခိုက်မှုများရှိခဲ့သည့် တပ်မ ၈၈ လက်အောက်ခံ၊ ခြေလျင်တပ်ရင်း ခ.လ.ရ (၇၇) တပ်ဖွဲ့ဝင်များကိုရဟတ်ယာဉ်များဖြင့် သယ်ထုတ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းထားသည့် ဒေသခံများကို လမ်းပြများအဖြစ်ခေါ်လာပြီး စစ်လက်နက် ပစ္စည်းများ သယ်ဆောင်ခိုင်းသည်ဟာ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။
“ရွာထဲကခေါ်သွားတဲ့ပေါတာတွေကို ဓါးစာခံအဖြစ်တိုက်ပွဲထဲမှာထည့်သုံးတယ်။ အလောင်းတွေ ပါ ထမ်းပို့ပေးခဲ့ရတယ်” ဟု၄င်းက ပြောသည်။
ထိခိုက်မှုများသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးဒါးလေးကျေးရွာကို ဇန်နဝါရီလ ၁၈ ရက်နေ့က လေကြောင်းဖြင့် ဗုံးကြဲခဲ့ရာ ဒေသခံအမျိုးသမီး ခြောက်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။
အဆိုပါ သုံးရက်တာတိုက်ပွဲကို KIAနှင့် KPDF အပါအဝင် (ကျောင်းသားတပ်မတော်) ABSDFနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မဟာမိတ်ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
လတ်တလောတွင် တိုက်ပွဲများ ကြောင့် ကသာမြို့နယ် ၊မိုးဒါးလေးကျေးရွာ၊ ဆင်ကုန်တိုင်ကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာများမှ ဒေသခံပြည်သူ တစ်သောင်းကျော် တိုက်ပွဲရှောင်နေရသည်။
ပုံစာ–စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုံဟောင်း