ရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင်သူများ စစ်ကောင်စီဒေါက်တိုင်အဖြစ်သတ်မှတ်၍ စစ်ရေးအရ ပြင်းထန်စွာ အရေးယူမည်
************************************
ဇန်နဝါရီ ၂၃ ၊ ၂၀၂၃ ။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘီလင်းမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ တိုက်ပွဲနှင့်စစ်ရေးမစ်ဆင်များကိုဖော်ဆောင်ထားသည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFက စစ်ကောင်စီရွေးကောက်ပွဲအတွက် ပါဝင်ပတ်သတ် ပူးပေါင်းသူများအား စစ်ရေးအရပြင်းထန်စွာ အရေးယူသွားမည်ဟု ဆိုသည်။
၂၀၂၃ တွင် အာဏာသိမ်း စစ်ကောင်စီမှ ကျင်းပရန် ကြိုစားနေသည့် ရွေးကောက်ပွဲသည် အဓိပ္ပါယ်ကင်းမဲ့ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသည့်အပြင် တရားမျှတ ပွင့်လင်းမြင်သာမှုကင်းမဲ့သောကြောင့် KRF အဖွဲ့အနေဖြင့် စစ်ကောင်စီ၏ တရားမဝင် ရွေးကောက်ပွဲကို နိုင်ငံရေးအရ အတိအလင်း ဆန့်ကျင်သည်ဟု ထုတ်ပြန်သည်။
အဆိုပါရွေးကောက်ပွဲအတွက် ပူးပေါင်းပါဝင် ပတ်သက်နေသူများကို စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် သတ်မှတ်၍ စစ်ရေးအရ ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်သည်ဟု KRFက ပြီးခဲ့သောရက်ပိုင်း ဇန်နဝါရီလ ၂၁ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီ၏ရွေးကောက်ပွဲသည် ပြည်သူများ အလိုရှိသော အနှစ်သာရများဆီ ဆောင်ကြဉ်းမည့်အစား ပဋိပက္ခများသာ ပို၍ ဖြစ်ပွားစေသည်မှာ (၁၉၆၀) ၊ (၁၉၉၀) ရွေးကောက်ပွဲ ရလဒ်များနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များမှာ သမိုင်းသက်သေအဖြစ် ရှိသည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ပွဲဟူသည် ပြည်သူကို အခြေခံရသော ကိစ္စဖြစ်ပြီး၊ ပြည်သူ့ဆန္ဒကင်းမဲ့သော ရွေးကောက်ပွဲသည် ပြည်သူကိုကိုယ်စားမပြုဘဲ အာဏာသိမ်းလူတစ်စုမှ တရားဝင်ခြင်း မျက်နှာဖုံး တပ်ဆင်လိုခြင်းမျှသာဖြစ်သည်ဟု စစ်ကောင်စီကကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘောထားကို KRF က ဖော်ပြထားသည်။
ကျိုက်ထိုမြို့နယ်တော်လှန်ရေးအင်အားစု KRFသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ အတွင်းရှိ KNLA တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စစ်ကောင်စီဂိတ်များ၊စခန်းများနှင့်ယာဥ်တန်းများကိုတိုက်ခိုက်ခြင်းများအပြင် ကျိုက်ထိုမြို့နယ်အတွင်း၌ စစ်ကောင်စီဒေါက်တိုင်များ၊ သတင်းပေးများနှင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူများကို ရှင်းလင်းသည့် မစ်ရှင်များကိုလည်း ဆောင်ရွက်နေသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် ဘားအံမြို့နယ် တပ်မဟာ၁နယ်မြေအတွင်း၌ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် စာရင်းကောက်ခံခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းများပြုလုပ်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်ဟု KNU ဘားအံမြို့နယ်အလုပ်အမှုဆောင်ကော်မတီကလည်း ဇန်နဝါရီလ ၂၀ရက်တွင် သတိပေး ထုတ်ပြန်ကြေညာထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် လာမည့်သြဂုတ်လအတွင်း၌ ရွေးကောက်ပွဲကိုကျင်းပသွားရန် ကြေညာထားပြီး ယခုလဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ အမည်းစာရင်း ကောက်ယူမှုများကို ပြုလုပ်နေရာ စစ်ကောင်စီ၏ရွေးကောက်ပွဲလုပ်ငန်းစဥ်များ အထမမြောက်ရန် တော်လှန်ရေးအင်အားစုများက ကြိုတင်သတိပေးမှုများနှင့် အရေးယူများကို ဆောင်ရွက်နေကြသည်။
ပုံစာ – ခင်ဦးမြို့နယ်ရှိ ကျေးရွာများမှ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို လက်မခံကြောင်းဆန့်ကျင်ဆန္ဒပြ။
ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး။