ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင့်တစ်ခုတွင် ငြမ်းပေါ်မှပြုတ်ကျပြီး ဦးခေါင်းထိခိုက်ခဲ့သည့် အလုပ်သမားအတွက် အကူအညီတောင်းခံခဲ့ရာ ထင်မှတ်မထားသည့် ကူညီမှုများရရှိခဲ့သောကြောင့် ထိုင်းရောက်မြန်မာအလုပ်သမားများအတွက် အရေးကြုံလာလျှင်ကူညီပေးနိုင်ရေးအတွက် အင်အားဖြစ်ရသည်ဟု ဘရော်နီကာကပြောသည်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ လီဝိုးကျေးရွာမှ ဘန်ကောက်တွင် အလုပ်လာရောက်လုပ်ကိုင်နေသည့်မောင်ဝင်းနိုင်သည် ယခုလဇန်နဝါရီ ၁၇ရက်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း၌ ငြမ်းပေါ်မှပြုတ်ကျပြီး ၎င်း၏ခေါင်းပေါ်သံချောင်း ကျရောက်ခဲ့သောကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
အရေးပေါ်ဆေးကုသမှုခံယူနေရသော အသက် ၂၃နှစ်အရွယ် ယကန်းတိုင်းရင်သား မောင်ဝင်းနိုင်အတွက် ပြည်သူများ ဝိုင်းဝန်ကူညီကြရန် နာမည်ကြီး လက်ဝှေ့မယ် ဘရော်နီကာက ယမန်နေ့ ဇန်နဝါရီ ၂၀ရက်တွင် အကူအညီတောင်းခံခဲ့သည်။
” ဆေးဝါးဖိုး လိုအပ်နေလို့ပါ ။သူရဲ့မိဘတွေလဲစစ်ဘေးရှောင်နေရလို့ငွေကြေးအလုံလောက်မရှိတဲ့အတွက်တတ်နိုင်သလောက်၅၀ဖြစ်ဖြစ် ၁၀၀ဖြစ်ဖြစ်ပါဝင်ကူညီပေးကြပါလို့တောင်းဆိုချင်ပါတယ် “ဟု ဘရော်နီက လူမှုစာမျက်နှာတွင် မောင်ဝင်းနိုင်ထိခိုက်မိသည့်ဖြစ်စဥ်နှင့်အတူဖော်ပြ၍ အကူအညီတောင်းခံခဲ့သည်။
အဆိုပါ ဒဏ်ရာရအလုပ်သားအတွက် အကူအညီတောင်းခံခဲ့ရာ ထိုင်းဘတ်ငွေ ၆၆၅၀၀ (ကျပ် ၅၇ သိန်းကျော်)နှင့်ကျပ်ငွေ ၁၃ သိန်းကျော်ရရှိထားပြီးဖြစ်သည်ဟု ဘရောနီကာက ယနေ့ ဇန်နဝါရီလ ၂၁ရက် ၊ နေ့လည်ပိုင်းတွင်ပြောသည်။
” ကျနော်တခါမှ အလှူငွေလိုက်မကောက်ခံဖူးဘူး။ကျနော် အဲ့လိုရေးတင်လိုက်တော့ တော် တော်များများ လာလှူကြတယ်။ကျနော်လဲမထင်ထားဘူး။ အဲ့လောက်ထိလှူကြမယ်လို့။ သူ့အတွက် အများကြီးအကျိုးရှိစေတဲ့ ပမာဏတစ်ခုရောက်ရှိသွားတာပေါ့ ။အဲ့ဒီအတွက် တကယ်ဝမ်းသာပါတယ်“ဟု ဘရော်နီကာက သံလွင်ခက်ကိုပြောသည်။
အဆိုပါ ထိခိုက်သူမှာ ဦးခေါင်းကို နှစ်ကြိမ်ခွဲစိတ်မှုခံယူထားရပြီး လက်ရှိအချိန်အထိ သတိပြန်မရသေးဘဲ အရေးပေါ်ခန်းတွင် ဆေးကုသမှုခံယူနေရသည်ဟု မောင်းဝင်းနိုင်၏ အကိုဖြစ်သူကပြောသည်။
” ဆရာဝန်ကတော့ စိတ်ပူစရာမလိုတော့ဘူး ပြန်ကောင်းလာပြီး အရင်လိုပုံမှန်ပြန်ဖြစ်လာမယ် ပြောတယ် ။အခုလောလောဆယ်တော့ အသည်း နည်းနည်းယောင်နေတော့ အဲ့တာပဲစိတ်ပူရတယ်” ဟု မောင်ဝင်းနိုင်၏ အကိုဖြစ်သူက ပြောသည်။
မောင်ဝင်းနိုင်သည်ထိုင်းနိုင်ငံတွင် အလုပ်လာရောက်လုပ်နေသည်မှာ ၃လခန့်သာရှိသေးပြီး တရားမဝင်လမ်းကြောင်းမှ လာရောက်လုပ်ကိုင်သူဖြစ်သောကြောင့် လုပ်ငန်းခွင့်ဆိုင်ရာ အာမခံများလည်း မရှိဟု သိရသည်။
” သူကံကောင်းတာတစ်ခုက သူဌေးကသူတို့ကိုကူညီပေးမယ်။သူတို့ကတရားမဝင်အလုပ် သမားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အာမခံကြေးလဲမရှိဘူး။သူဌေးကောင်းနဲ့တွေ့တော့ အဆင်ပြေတယ် “ဟု ဘရော်နီကာကပြောသည်။
မောင်ဝင်းနိုင် ဆေးကုသမှုစရိတ်အတွက် ထိုင်းဘတ်ငွေ ၅သိန်းခန့်( ကျပ်၄၃၅သိန်း) ကုန်မည်ဟုသိရပြီး ၎င်းအတွက် လုပ်ငန်းရှင်နှင့် ကူညီပေးရေးအဖွဲ့များ ထောက်ပံ့ပေးထားသောကြောင့် လက်တလောအဆင်ပြေနေသော်လည်း ဆေးရုံမှပြန်ဆင်းလာလျှင် အလုပ်ကိုအချိန်အတော်ကြာထိ ပြန်မဆင်းနိုင်သေးသည့်အခြေအနေ၌ကုန်ကျစရိတ်များရှိနေဦးမည်ဟု ဘရော်နီကာက ပြောသည်။