![]()
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေလမ်းပိုင်းတွင်ရှိသော၊ ဖလူးကြီးကျေးရွာရှိ ကာစီနိုရုံတစ်ခုသို့ အာဏာသိမ်းစစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ တပ်သား နှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဖလူးကြီးကျေးရွာ၊ ဘုရားကုန်းအနီးရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ပိုင်ဆိုင်သော ကာစီနိုရုံ၏ အစောင့်ဂိတ်ပေါ်သို့ တည့်တည့်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်ပေါက်ကွဲမှုကြောင့် DKBA တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီးနောက် ဒဏ်ရာရရှိသူ ၈ဦးကို ထိုင်းနိုင်ငံ၊ မဲဆောက်ဆေးရုံကြီးသို့ လူနာတင်ယာဉ်များဖြင့် အရေးပေါ် သယ်ဆောင်သွားခဲ့ရသည်ဟု သိရသည်။
“တနေ့ညပိုင်းကလည်း အရင်ဗိုလ်စလုံးစခန်းနားက ကာစီနိုရုံ(ဒေသအခေါ် တရုတ်ဆိုက်)ကို ကာမီကာဇေကျလို့ မီးခိုးတွေထွက်လာတယ်။ မနေ့ မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာက ဖလူးထိပ်ကို လက်နက်ကြီးကျည်ကျတယ်။ အတော်ထိကုန်တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို လူမူကူညီရေးအဖွဲ့များနှင့် ချိတ်ဆက်ကာ မင်းလက်ပံဂိတ်မှတဆင့် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့သည်ဟု ထိုင်းဘက်ခြမ်းရှိ ဦးဆောင်သူတစ်ဦးက သံလွင်ခက်အားပြောသည်။
“ဆေးရုံကားတွေရော၊ ပရဟိတကားတွေရော၊ ပုဂ္ဂလိကဆေးရုံကားတွေနဲ့ပါ လာသယ်ကြတယ်။ တချို့ကတော့ ခြေထောက်ကို အတော်ထိထားကြတယ်”ဟု ၎င်းက ပြောသည်။
စစ်ကော်မရှင်နှင့် BGFတပ်ပူးပေါင်းကာ အောက်တိုဘာလ၂၁ မှ စတင်ပြီး KK Park ရှိ ကျားဖြန့်ရုံ ၁၀၀ ကျော်ကို ဖျက်စီးခဲ့သည်ဟု သတင်းများထုတ်ပြန်လာခဲ့သည်။
ထိုအပြင် မြဝတီ-ဝေါလေလမ်းပေါ်တွင်ရှိသော လေးကေ့ကော်ဒေသခံများ စစ်ဘေးရှောင်နေသည့် ကြို့ပင်စစ်ရှောင်စခန်းတွင် ဝင်ရောက်စခန်းချပြီးနောက် လက်နက်ကြီးများဆင်ကာ ပတ်ဝန်းကျင်များသို့ နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဓါတ်ပုံ – ပေးပို့
