![]()

တနင်္သာရီတိုင်း၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သော မောတောင်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် စစ်ကော်မရှင်တပ်သားများ အလံဖြူထောင်ခြင်း၊ ထိုင်းနယ်စပ်သို့ ထွက်ပြေးခြင်းများကြုံတွေ့ခဲ့ရပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့သည်။
အဆိုပါ မောတောစခန်းကို သိမ်းပိုက်ရာတွင် တပ်သား ၃၀ ကျော် အလံဖြူထောင်ခဲ့ပြီးနောက် တပ်သား ၆၂ ဦးမှာ ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားခဲ့သည်ဟု ဒေသတွင်း စစ်ရေးဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် နိုဝင်ဘာ ၁၁ ရက်မှ စတင်ကာ ယနေ့နံနက်အစောပိုင်းအထိ ၄ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် မောတောင်မြို့ လဝကရုံး၊ မြို့ဝင်စစ်ဆေးရေးဂိတ်၊ ရဲစခန်းအပါအဝင် တပ်စွဲထားရာနေရာများအား သိမ်းပိုက်ရရှိခဲ့သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်များဖြင့် ဗုံးအလုံးရေ ရာချီ ကြဲချခြင်း၊ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းများဖြင့် တိုက်ခိုက်ခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်ဟု သိရှိရသည်။
နိုဝင်ဘာလ ၁၄ ရက်၊ နံနက်အစောပိုင်း ၃ နာရီခန့်တွင် မောတောင်မြို့ရှိ စစ်ကော်မရှင်တပ်သားများမှာ နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ လက်နက်များနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
ယင်းသို့ထွက်ပြေးသော စစ်ကော်မရှင်တပ်သားများမှာ ခလရ ၂၂၄မှ တပ်သား ၂၂ ဦး၊ လက်နက်ကြီးတပ် ၃၀၆မှ တပ်သား ၁၅ ဦး၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်(စရဖ)မှ တပ်သား ၂ ဦး၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၈ ဦး၊ ရဲတပ်သား ၃ ဦး၊ နယ်စပ်ဂိတ်မှ ၁ ဦးနှင့် ဆေးရုံးမှ ၂ ဦး စုစုပေါင်း ၆၃ ဦးဖြစ်သည်ဟု နယ်စပ်ဒေသလုံခြုံရေးသတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းတို့နှင့်အတူ သေနတ် ၇၀ လက်ယူဆောင်ထွက်ပြေးလာသဖြင့် ထိုင်းနိုင်ငံ၊ နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ယူထိန်းသိမ်းထားသည်ဟု ကနဦးသိရှိရသည်။
မောတောင်မြို့ကို သိမ်းပိုက်နိုင်ရန်အတွက် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည့်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ Force For Federal Democracy (FFD)နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။
ယင်းသို့ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် မောတောင်မြို့ပေါ် နေရာအချို့တွင် တပ်စွဲထားသော စစ်ကော်မရှင်တပ်သားများ ၃၀ ကျော် လက်နက်ချ၊ အလံဖြူထောင်ခဲ့ပြီးနောက် နယ်မြေရှင်းလင်းရေးများလုပ်ဆောင်ရာတွင် လက်နက်ကြီး၊ လက်နက်ငယ်များ ခဲယမ်းများကို သိမ်းပိုက်ရရှိခဲ့သည်ဟု သိရှိရသည်။
ဓါတ်ပုံ – TLA
#မောတောင်မြို့ #ထွက်ပြေးတပ်သားများ #အလံဖြူထောင်တပ်သား #သိမ်းဆည်းခဲယမ်းများ #ThanLwinKhetNews
