![]()
သံလွင်ခက်/မတ် ၁၇။ ပုံ – အမျိုးသားရေး တက်ကြွလှုပ်ရှားသူ တေးအာချီဝ ( Khaosod)
ထိုင်းနိုင်ငံသားမဟုတ်သူများနှင့် အိမ်ထောင်စုစာရင်းဝင် မဟုတ်သည့် ကလေးငယ်များအား အခမဲ့ပညာသင်ကြားခွင့်ပေးမည့် မူဝါဒကို ကန့်ကွက်သည့်အနေဖြင့် လူပေါင်း ၈၆,၀၀၀ ကျော်၏ လက်မှတ်များပါဝင်သော အသနားခံစာကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူအဖွဲ့တစ်ဖွဲ့က ထိုင်း ပညာရေးဝန်ကြီးဌာနသို့ အင်္ဂါနေ့တွင် တင်သွင်းလိုက်သည်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူ တေးအာချီဝ (Tae Archiwa) ဦးဆောင်သည့် Thai Intolerance Team အမည်ရှိ အဖွဲ့သည် နံနက် ၁၁ နာရီခန့်တွင် ဝန်ကြီးဌာနရုံးရှေ့၌ စုဝေးခဲ့ကြပြီး၊ တရားဝင်အထောက်အထား မရှိသူများကို ကျောင်းအပ်နှံခွင့်ပြုထားသည့် ၂၀၂၅ ခုနှစ် စည်းမျဉ်းစည်းကမ်းအား ဆိုင်းငံ့ပေးရန် တောင်းဆိုခဲ့ကြသည်။
လက်ရှိကျင့်သုံးနေသည့် မူဝါဒသည် ရွှေ့ပြောင်းကလေးငယ်များထက် ထိုင်းနိုင်ငံသား ကလေးငယ်များကိုသာ ဦးစားပေးသင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ထိုင်းကလေးငယ် အများအပြားမှာ ယနေ့တိုင် အခမဲ့ပညာသင်ကြားခွင့်ကို အပြည့်အဝ မရရှိသေးဘဲ ဖြစ်နေသောကြောင့်ဖြစ်ကြောင်း တေးအာချီဝက ပြောကြားခဲ့သည်။
ထို့ပြင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဖြစ်သော ဘတ် သန်း ၈၀၀ ကျော်ကို နိုင်ငံခြားသား ကလေးငယ်များအတွက် အသုံးပြုမည့်အပေါ် ၎င်းက မေးခွန်းထုတ်ခဲ့ပြီး၊ အာဏာပိုင်များအနေဖြင့် ထိုင်းကလေးငယ်များအတွက် လုံလောက်သော အခွင့်အလမ်းများ ရရှိစေရန် ဦးစွာ ဆောင်ရွက်ပေးသင့်သည်ဟု ဆိုသည်။
အဆိုပါမူဝါဒကို အလွဲသုံးစားလုပ်ခြင်းဖြင့် နိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရရန် အခြေအနေမှန်ကို လိမ်လည်တိုင်တန်းသူများ ရှိလာနိုင်ပြီး ယင်းမှာ နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်လာနိုင်ကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဆိုပါအသနားခံစာကို လက်ခံရယူခဲ့ပြီး ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အကယ်၍ ထူးခြားသည့် တိုးတက်မှုတစ်စုံတစ်ရာ မရှိပါက ဤကိစ္စကို ဝန်ကြီးချုပ်ရုံးအထိ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် အဆိုပါမူဝါဒကို အရေးပေါ် ပယ်ဖျက်ပေးရန် တေးအာချီဝက တိုက်တွန်းပြောကြားထားသည်။
Ref : KhaoSod English
#ရွှေ့ပြောင်းကလေးငယ် #အခမဲ့ပညာသင်ကြားခွင့်မူဝါဒ #ထိုင်းအမျိုးသားရေးလှုပ်ရှားသူ #ကန့်ကွက် #ThanLwinKhetNews
