နေသားကျလာသည့် ရန်ကုန်
********
ဇန်နဝါရီ ၁၃၊ ၂၀၂၃။
စစ်ကောင်စီ အာဏာသိမ်းသည့် ၂ နှစ်ခန့် ကြာလာသည့်အချိန်တွင် ရန်ကုန်သည် နေသားကျလာသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
တစ်ဖက်တွင်လည်း ပြောက်ကြားတပ်ဖွဲ့ဝင်များက စစ်ကောင်စီ ထောက်တိုင်များကို သတိပေးမှုများရှိနေဆဲ ဖြစ်သည်။
ဒီမိုကရေစီအရေး ကြိုးပမ်းသူများက မိမိအသက်ကို စတေးကာ အသက်ပေးလျက် တိုက်ပွဲဝင်နေသော်လည်း မြို့ပြရှိ ပြည်သူအချို့မှာ နေ့စဉ်ပျော်ပါးနေသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
စစ်ကောင်စီတပ်နှင့် မလွတ်ကင်းသည့် ရန်ကုန်မြို့က Bar (ဘား)နှင့် Club (ကလပ်)များတွင်လည်း လူစည်ကားလျက်ရှိသည်ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
“ ကျွန်တော်တို့ အနားက Bar (ဘား) မှာ တစ်ညကို ကားအစီး ၃၀၊ ၄၀ လောက်ရှိတယ်။ အမြဲတမ်းပြည့်နေတာ။ နာမည်ကြီး အဆိုတော်တွေနဲ့ အနုပညာရှင်တွေလည်း လာတယ် ” ဟု ၎င်းက ပြောသည်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာလျှင် စစ်မှန်သည့် လွတ်လပ်ခွင့်နှင့် ပျော်ရွင်မှု ရမည်ကို သတိပြုစေရန် လိုအပ်သည်ဟု Generation Y Guerilla မြို့ပြပြောက်ကျားအဖွဲ့ရဲဘော်တစ်ဦးက ပြောသည်။
” ကျွန်တော်တို့လည်း တစ်ခါတစ်လေကျရင် ရပ်နားလိုက်ပြီး သူတို့လို ပျော်လိုက်ချင်တယ်။ ဒါပေမယ့် ငါတို့နိုင်မှ ကျဆုံးသွားသူတွေကို အမျှဝေမယ်ဆိုတဲ့စကားလေးကို ကတိတည်ချင်တာဗျ။ တော်လှန်ရေးစိတ်ဓာတ်ခိုင်မာဖို့လိုတယ် ” ဟု၎င်းက ပြောသည်။
မြန်မာ့ ဒီမိုကရေစီ အရေးအတွက် ပေးဆပ်ထားရသည့် အသက်နှင့် ဘဝများကို ထောက်ထားကာ စစ်ကောင်စီကိုအားပေးသည့်လုပ်ရပ်များနှင့် တော်လှန်ရေးကို အသုံးချ ကိုယ်ကျိုးရှာခြင်းများကိုလည်း ရှောင်ကျဉ်ပေးကြရန် ၎င်းက ဆက်ပြောသည်။
စီးပွါးရေး၊ လှုမှုရေး အခြေနေများအရ လည်ပတ်ဆောင်ရွက်နေကြသူများကို နားလည်လက်ခံသော်လည်း စစ်ကောင်စီ အားပေး အပျော်ပါးလွန်နေသူများအတွက် စိတ်မကောင်းဖြစ်ရသည်ဟု ထောက်ပို့ တပ်သားတစ်ဦးက ပြောသည်။
၎င်းက “ ဘဝမှာ ဘာအရေးကြီးလဲဆိုတာကို သေချာမတွေးတော မကျင့်သုံးသူတွေ၊ နွေဦးရဲဘော်တွေ တိုက်ယူပေးလို့ ရလာမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အသီးအပွင့်တွေက ဒီထက်အနှစ်သာရ ရှိမှာဆိုတာကို သိစေချင်တယ် ” ဟုပြောသည်။
နေသားကျ ပျော်ပါးနေသူများရှိသကဲ့သို့ တော်လှန်ရေးရဲဘော်များအတွက် တတ်နိုင်သည့်ဘက်က ဝန်းရံကူညီထောက်ပံ့ပေးနေသည့် ပြည်သူများလည်း အများအပြားရှိနေသေးသည်ဟု တာမွေမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား တစ်နေ့ထက်တစ်နေ့ စစ်ရေးအရှိန်မြင့်လာပြီး ၂၀၂၃ ခုနှစ်ကို အဆုံးဖြတ်နှစ်ဖြစ်ရေး ကြိုးစားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း အသက်ကိုစတေးပြီး တိုက်ပွဲ ဝင်လျှက်ရှိသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က ကောလင်းမြို့နယ်တွင် အမျိုးသမီးရဲဘော်နှစ်ဦး စစ်ကောင်စီစစ်ကြောင်းအား ဗုံးခွဲတိုက်ခိုက်ရန် သွားသည့်လမ်းတွင် တပ်ဖွဲ့ဝင်အချို့နှင့် တွေ့ဆုံကာ စစ်ဆေးရန် တားဆီးချိန် ၎င်းတို့တွင် ပါလာသည့် ဗုံးဖြင့် ကိုယ်တိုင် ဗုံးခွဲကာ အသက်စတေးခဲ့သည်။
ထိုနည်းတူ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းတွင် စစ်ကောင်စီက လာရောက်ပစ်ခတ်ဖမ်းဆီးရာ အဖမ်းမခံလိုသည့်အတွက် လူငယ်ငါးဦး လေးလွှာတိုက်ခန်းပေါ်မှခုန်ချကာ အဆုံးစီရင်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ဒီမိုကရေစီရေးလှုပ်ရှားသူ (၂၇၂၅) ဦး အသက်ပေးထားပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၃၆၀) ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားသည်။
ပုံစာ – ရန်ကုန်မြို့က ဘားတစ်ခုကို ၂၀၂၂ခုနှစ်၊ နှစ်ကုန်ပိုင်းက တွေ့ရသည့် မြင်ကွင်း။
Photo – AZH