PDF ရဲဘော်များ ထုံးဓာတ်ပါဝင်သည့်ရေများ သောက်နေရ
*****************
ဇန်နဝါရီ ၁၂၊၂၀၂၃။
ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအခြေစိုက် ကော်ဘရာစစ်ကြောင်း တပ်ခွဲ (၂) စခန်း၌ သောက်သုံးရေအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
သောက်သုံးရေ ရှားပါးမှုကြောင့် ထုံးဓာတ်ပါဝင်သည့် ရေများ နေ့စဉ်သောက်သုံးနေရသဖြင့် ကျောက်ကြေဆေးများ ပုံမှန်သောက်နေရသည်ဟု တပ်ခွဲ ၂ မှ၏ ထောက်ပို့ ရဲဘော်များက ပြောသည်။
” ရေသန့်မရနိုင်ခင်မှာတော့ ကျောက်ကြေဆေးလေးတွေရှိတယ်။ အဲဒါတွေသောက်တယ် ။ နှစ်ရက်ခြားတစ်ခါ၊ သုံးရက်ခြားတစ်ခါပေါ့။ ဘေးထွက်ဆိုးကျိုးကတော့ ရှိရင်လည်း ရှိနိုင်ပါတယ်။ ဘယ်ဆေးမဆို မလိုအပ်ဘဲ မသောက်တာအကောင်းဆုံးဆိုတော့လေ ” ဟု ထောက်ပို့ရဲဘော် နီယိုက ပြောသည်။
အခြားတပ်စခန်းများတွင်လည်း ချောင်းရေနှင့် တောင်ကျရေကိုသာ သောက်သုံးရေအဖြစ် အမှီပြုနေရပြီး ရေကိုကျိုချက်လျှင်ပင် ထုံးရေကဲ့သို့ ဖြစ်နေသေးသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
” ဒီလိုရေတွေ သောက်နေရတာကလေ တခြားနေရာတွေမှာလည်းရှိတယ်ဗျ။ တချို့က ဒီတိုင်းအဆင်ပြေနေသေးတာပဲဆိုပြီး ချောင်းရေပဲသောက်တယ်။ လောလောဆယ် မသိသာပေမယ့် ကြာလာရင်တော့ ကျန်းမာရေးအတွက်မကောင်းဘူး။ ဆီးအောင့်တဲ့လူတွေလည်းရှိတယ်။ တစ်ခါတစ်ခါ ဝမ်းရောဂါတွေလည်းဖြစ်တယ်။ ဒါက အစားကြောင့်လည်းဖြစ်နိုင်သလို ရေကြောင့်လည်း ဖြစ်နိုင်တယ် ” ဟု ၎င်းက ပြောသည်။
မသန့်ရှင်းသည့် သောက်ရေနှင့် ထုံးဓာတ်ပါဝင်သည့် ရေများသောက်သုံးမှုကြောင့် ရေတိုတွင် ဝမ်းရောဂါဖြစ်ပွားပြီး ရေရှည်တွင် ကျောက်ကပ်ပြဿနာများနှင့် ကြုံနိုင်သည်ဟု သူနာပြုဆရာမတစ်ဦးက ပြောပြသည်။
” ၆ လအထက် သောက်မယ်ဆိုရင် နာတာရှည်အတွက် ကျောက်ကပ်ကျောက်တည်တာ၊ ဆီးအိမ်ကျောက်တည်တာ၊ သည်းခြေအိတ်ကျောက်တည်တာမျိုးဖြစ်တတ်တယ်။ ရေတိုအနေနဲ့ကတော့ ဝမ်းပျက်ဝမ်းလျော၊ ဝမ်းကိုက်တာမျိုးဖြစ်တယ်။ ချောင်းရေတွေနဲ့ ချိုးမယ်ဆိုရင် အရည်ပြားရောဂါတို့ ဖြစ်တတ်တာပေါ့ ” ဟု သူနာပြုဆရာမက ဆိုသည်။
ကနဦးက စခန်း၏ ရိက္ခာရံပုံငွေမှ ရံဖန်ရံခါ သောက်ရေသန့် ဝယ်ယူသောက်သုံးခဲ့ကြသော်လည်း ရေရှည်တွင် ငွေကြေးအခက်အခဲများ ရှိလာသည်ဟု တပ်ခွဲ (၂) ၏ အမာခံထောက်ပို့အဖွဲ့အစည်းတစ်ခုဖြစ်သည့် အာဏာရှင်စနစ်တော်လှန်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကွန်ရက် DRPDN အဖွဲ့က ပြောသည်။
ယခုအခါ သောက်သုံးရေပြဿနာကို ဖြေရှင်းနိုင်ရန် – DRPDN မှ ရဲဘော်ရေချမ်းစင် ဟူသည့်အမည်ဖြင့် စခန်းအတွင်း ရေချမ်းစင်ပြုလုပ်ကာ အလှူငွေ လက်ခံလျှက်ရှိကြောင်း သိရသည်။
Photo – DRPDN