ပုလဲ၌ကျေးရွာများမီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းအား ဒေသခံတပ်များ ပူပေါင်းတိုက်ခိုက်
*******************************
ဇန်နဝါရီ ၁၃ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အနောက်တောင်ပိုင်းရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ယနေ့နံနက်ပိုင်း၌ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ပုလဲမြို့နယ်နယ် တောင်ရွာသစ်ကျေးရွာနှင့် သရက်လှကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၁၀ နာရီကျော်တွင် စတင် မီးရှို့ခဲ့သည်ဟု သိရသည်။
အင်အား ၁၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ မီးတွေရှို့နေတဲ့အချိန်မှာ ကာကွယ်ရေးတပ်တွေ ရောက်လာပြီး တိုက်ပွဲဖြစ်တာ။ အိမ်ကတော့ ၁၀ အိမ်ကျော်လောက်လောင်သွားတယ် ” တောင်ရွာသစ်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးရှို့ဖျက်ဆီးမှု၌ တောင်ရွာသစ်ရွာမှ အိမ်ခြေအနည်းငယ်သာ လောင်ခဲ့သော်လည်း သရက်လှကျေးရွာတွင် ရွာလုံးကျွတ်နီးပါး လောင်ကျွမ်းခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒေသခံကာကွယ်အဖွဲ့များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် နံနက် ၁၁ နာရီခန့်တွင် ကန့်ဒေါင့် စစ်ကောင်စီစခန်းသို့ တပ်ပြန်ဆုတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုစစ်ကောင်စီစခန်းနှင့် ယနေ့နံနက်ပိုင်း၌ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများကြား၌ ကျေးရွာတစ်ရွာသာခြားပြီး ဆိုင်ကယ်ဖြင့်သွားလျှင် ၅ မိနစ်ခန့်သာ သွားရသည့် အကွာအဝေးတွင်ရှိသည်ဟု သိရသည်။
ထိုကန့်ဒေါင့်စစ်ကောင်စီစခန်းရှိ စစ်ကောင်စီတပ်များကို ဒေသခံကာကွယ်ရေးတပ်များက ယခုလ ပထမအပတ်တွင်း၌ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါစခန်းရှိ စစ်ကောင်စီတပ်များ အနီးအနားရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့နေခြင်း ဖြစ်သည်။ ဇန်နဝါရီလ ပထမအပတ် ၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်စစ်ကြောင်းထိုးမှုကြောင့် ယခု အချိန်ထိ ကျေးရွာ ၇ ရွာက ဒေသခံ (၂၀၀၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရသည်။