![]()
ကျားဖြန့်ငွေလိမ်းဂိုဏ်းများရှိရာ နာမည်ဆိုးဖြင့် ကျော်ကြားသည့် ကရင်ပြည်နယ် မြဝတီမြို့ရှိ ရွှေကုက္ကိုလ်မြို့သစ် တည်ထောင်ခဲ့သူ အဓိက တရုတ်သူဌေးတစ်ဦးဖြစ်သည့် She Zhijiang အား ထိုင်းအာဏာပိုင်များက တရုတ်နိုင်ငံသို့ ယနေ့ ညနေ ပြန်ပို့ဆောင်မည်ဟု ထိုင်းသတင်းဌာန The Reporters က ဖော်ပြသည်။
ယနေ့ ညနေ ၄း၂၀ နာရီတွင် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ဦးဆောင်၍ ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) လက်အောက်ရှိ အထူးစစ်ဆင်ရေးတပ်ဖွဲ့က တာဝန်ယူ လွှဲပြောင်းမှုကို လုပ်ဆောင်သွားမည်ဟု သိရသည်။

Yatai International Holding Group (Yatai IHG) ၏ ဥက္ကဋ္ဌဖြစ်သူ She Zhijiang သည် အရှေ့တောင်အာရှဒေသအတွင်း ကာစီနိုလုပ်ငန်းများနှင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းများတွင် အဓိက ရင်းနှီးမြှုပ်နှံသူတစ်ဦး ဖြစ်သည်ဟု ဖော်ပြထားသည်။

She Zhijiang အား တရုတ်နိုင်ငံသားများကို ပစ်မှတ်ထား၍ လိမ်လည်ခြင်း၊ ဘတ်ငွေ ဘီလီယံပေါင်းများစွာတန်ဖိုးရှိ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်း စသည့် စွဲချက်များဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ဘန်ကောက်မြို့၌ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရပြီးနောက် She Zhijiang အား Klong Prem ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ She Zhijiang ကမူ ၎င်းသည် အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်တစ်ဦးသာဖြစ်ပြီး တရုတ် လုံခြုံရေး အေဂျင်စီများ၏ နိုင်ငံရေးအရ ဖိနှိပ်မှုကို ခံနေရခြင်းဖြစ်ကြောင်း ခုခံချေပခဲ့သည်ဟု သိရသည်။

ယခု လွှဲပြောင်းမှုတွင်လည်း အထူးတပ်ဖွဲ့ဝင်များက အချိန်ပြည့် လုံခြုံရေး တင်းကြပ်စွာဖြင့် လိုက်ပါပို့ဆောင်ပြီး တရုတ်နိုင်ငံမှ လုံခြုံရေး အရာရှိများက လာရောက် ပူးပေါင်းခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – The Reporters

