ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ကျန်ရှိစစ်စခန်းများထပ်မံ ဆုံးရှုံးမှု မဖြစ်စေရန် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေသည်ဟု စစ်ရေးနှင့် နီးစပ်သူများထံမှ သိရသည်။
မြဝတီမြို့တောင်ဘက်တွင် ကျန်ရှိသည့် ဥကရစ်ထစခန်း၊ ဝေါလေဗျူဟာနှင့် ထီးကပလယ်စခန်းများ မကျရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် အပြင်းအထန်ခုခံနေခြင်းဖြစ်သည်ဟု မြေပြင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
၎င်းက “ထီးကပလယ်က Y – 12 နဲ့ အလုံး ၂၀၊ ၃၀ လောက်ရှိပြီ။ လာချတာ။ ညက တစ်ညလုံးပဲ။ ဒီနေ့ လာချနေတယ်တဲ့” ဟု မြေပြင်အခြေအနေကို ပြောသည်။
ထီးကပလယ်စခန်းနှင့် ကျန်စစ်စခန်းများ မကျရေးအတွက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် ခုခံကာကွယ်ခဲ့သလို ပူးပေါင်းတပ်ဘက်မှလည်း အဆိုပါစခန်းများရရှိရေးအတွက် အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။
လက်ရှိကျန်ရှိနေသည့် စစ်ကောင်စီတပ်စခန်း သုံးခုသည် နယ်စပ်စည်းမျည်းပေါ်တွင် ရှိပြီး ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် အရေးပါသော စခန်းများလည်းဖြစ်သည်။
အဆိုပါစခန်းများထဲမှ ဥကရစ်ထစခန်းကို ပူးပေါင်းတပ်ဘက်မှ ဒရုန်းများဖြင့် ကြဲချတိုက်ခိုက်နေဆဲဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ထီးကပလယ်စခန်းကိုလည်း လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် – KNDOနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်လျက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အနီးတွင် ယခုလဆန်းပိုင်းမှ စ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိပြီး ကရင်စစ်ရှောင်များကလည်း ယခုတိုက်ပွဲ အပြီးတွင် အိမ်ပြန်နိုင်မည်ကို ယုံကြည်မျှော်လင့်နေကြသည်။
ပုံစာ – မြဝတီတောင်ပိုင်းမှ တိုက်ပွဲဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ (ကိုနီတာ)