အနည်းဆုံး လူပေါင်း ၂၄၀ ကျော်သေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ၁ ဦးတည်းသာရှိခဲ့တဲ့ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသူများအတွက် လျော်ကြေးအဖြစ် ရူပီး ၁၀ သန်းကို ကျန်ရစ်သူ မိသားစုဝင်တွေကို ပေးသွားမယ်လို့ Air India ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ အိန္ဒိယနိုင်ငံစုံလုပ်ငန်းစု Tata Group ကပြောကြားလိုက်ပါတယ်။
ခရီးသည် ၂၄၂ ဦးနဲ့ ဝန်ထမ်း ၁၂ ဦး လိုက်ပါလာတဲ့ အိန္ဒိယနိုင်ငံ၊ အာမက်ဒါဘက်မြို့ကနေ
လန်ဒန်ကိုထွက်ခွာလာတဲ့ Boeing 787 – 8 Dreamliner လေယာဉ်ဟာ ပျံတက်တက်ချင်း စ က္ကန့်ပိုင်းအတွင်းမှာပဲ လေဆိပ်အနီးကဆရာဝန်တွေ နေထိုင်တဲ့အဆောင်ပေါ်ပျက်ကျခဲ့တာပါ။
လေယာဉ်ပျက်ကျတာကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေကို ဆေးဖိုးဝါးခတွေ ပေးအပ်သွားမှာ ဖြစ်သလို ပျက်စီးသွားတဲ့ ဆရာဝန်တွေ နေထိုင်တဲ့အဆောင် ပြန်လည်တည်ဆောက်ဖို့ အတွက်လည်း ထောက်ပံ့ ကူညီသွားမယ်လို့ Tata Group ကဆိုပါတယ်။
ဒီလေယာဉ် ပျက်ကျမှုကြောင့် အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်၊ ဗြိတိန်နိုင်ငံသား ၅၂ ယောက်၊
ပေါ်တူဂီနိုင်ငံ သား ၇ ယောက်နဲ့ ကနေဒါနိုင်ငံသား ၁ ယောက်အပါအဝင် ခရီးသည်နဲ့ဝန်ထမ်း စုစုပေါင်း ၂၄၁
ယောက်သေ ဆုံးခဲ့ပြီး အိန္ဒိယနွယ်ဖွား ဗြိတိန်နိုင်ငံသား၊ အသက် ၄၀ အရွယ် ရာမက်ရှ်ဗီစ်ဝက်ရှ်ကူမားရ်
၁ ယောက်သာ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။
လေယာဉ်ဟာ ဂူဂျာရတ်ပြည်နယ်၊ အာမက်ဒါဘက်မြို့၊ ဆာဒါဗယ်လက်ဘ်ဘိုင်ပက်တဲလ် နိုင်ငံတကာ
လေဆိပ်အနီးမှာရှိတဲ့ အဆောင်ပေါ်ပျက်ကျခဲ့တာဖြစ်တဲ့အတွက် မြေပြင်ပေါ်က လူအများအပြား သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၄၀ ကျော်ရှိတယ်လို့ ကယ်ဆယ်ရေးသမားတွေက အတည်ပြုထားပါတယ်။
ဇွန်လ ၁၃ ရက် သောကြာနေ့မှာတော့ ထိုင်းနိုင်ငံ၊ ဖူးခက်ကနေ အိန္ဒိယနိုင်ငံ၊ နယူးဒေလီကိုပျံသန်းလာတဲ့
Air India လေကြောင်းလိုင်းခရီးစဉ် အမှတ် AI 379 ဟာ ဗုံးခြိမ်းခြောက်မှုခံခဲ့ရတဲ့အတွက် ထိုင်းနိုင်ငံကို
နောက်ကြောင်းပြန်လှည့်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။