ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်း၊ ငဖဲမြို့နယ်အကြား ရိုးမတောင်ကားလမ်းဘေးတွင် တည်ရှိသည့် နတ်ရေကန်စခန်းနားရှိ MPT တာဝါတိုင်စခန်းကုန်းကို စစ်ကောင်စီက စစ်အင်အားရာချီဖြင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
နတ်ရေကန် တာဝါတိုင် စခန်းကုန်းအား ပြီးခဲ့သည့် ဇွန်လ ၃ ရက်က အာရက္ခတပ်တော် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများအပါအဝင် စစ်သုံ့ပန်းတချို့ပါ ဖမ်းဆီးနိုင်ခဲ့သည်။
ထို့နောက် တစ်ပတ်ခန့်အကြာ ဇွန်လ ၁၁ ရက်တွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် စစ်ရေးသတင်းရင်းမြစ် အမျိုးသားက ဆိုသည်။
”MPT ကုန်းကျလို့ အထက်က ဆင်းလာပြီး ထိုးစစ်လုပ်တာ။ ၉၉ တပ်မ တစ်မလုံး ပါတယ်။ နတ်ရေကန်ကနေ တောက်လျှောက်ပေါ့။ သူတို့ဘက်က ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် အခုလို တိုက်ပွဲဖြစ်နေတာပါ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် အမ်း-ပဒါန်းလမ်းအား အသုံးပြု၍ အင်အား ပုံမှန် ဖြည့်တင်းလျက်ရှိသော်လည်း စစ်သားများ အကျအဆုံးများနေသည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါစစ်ကောင်စီ ထိုးစစ်အား အေအေနှင့် တော်လှန်ရေးပူးပေါင်းတပ်များက ပူးပေါင်းတိုက်ခိုက်နေကာ အေအေဘက်မှ စစ်ရေးအရ အသာစီးရနေသည်ဟု ဆိုသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်တွင် ထပ်မံ သိမ်းပိုက်ရန် စစ်တွေမြို့၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့သာ ကျန်ရှိတော့သည်။
ပုံစာ- အမ်းမြို့သိမ်းတိုက်ပွဲ အပြီး တွေ့ရသည့် အေအေတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
ဓါတ်ပုံ- AA Info desk