စစ်ဆေးရေးဂိတ်သို့လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရပြီး ၁ဦးသေဆုံး
***************************
ဇန်နဝါရီ ၃၊ ၂၀၂၂။
ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်တွင် စစ်ဆေးရေးဂိတ်သို့လာသော စစ်ကောင်စီတပ်သား ၂ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာစစ်ဆေးရေးဂိတ်ကြီးမှ ကုန်းသာရွာ ဆည်မြောင်းရုံးရှေ့ရှိ ဂိတ်ငယ်ကို ခြေလျှင်လာသော စစ်ကောင်စီတပ်သားနှစ်ဦးကို ပေါင်းတည်တပ်ရင်း ၃၆၀၁ တပ်ခွဲ (၅) နွေဦးတပ်ဖွဲ့မှ ယမန့်နေ့ နေ့လည် ၁နာရီခန့်တွင် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ တစ်ကောင်သေ၊ တစ်ကောင်ကတော့ မှတ်တိုင် ဆေးရုံမှာ။ အဲ့ဂိတ်မှာစောင့်တဲ့ကောင်တွေက ငါးဖမ်းတဲ့လူတွေကို စောင့်ဖမ်းပြီး ငွေညှစ်တာတွေရှိတယ် ” ဟု Paungde People Defense Force – PPDF တာဝန်ရှိသူတစ်ဦးမှ သံလွင်ခက်ကို ပြောသည်။
ထိုတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီတပ်က ကုန်းသာရွာဂိတ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပေါင်းတည်တပ်ရင်း ၃၆၀၁ တပ်ခွဲ (၅) နွေဦးတပ်ဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပေါင်းတည်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ မကြာခဏထိတွေ့မှု ဖြစ်ပွားနေပြီး ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းတွင်လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ပုံစာ – ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့။
Photo – PPDF