နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို အပြီးသတ် ပြစ်ဒဏ်ချမှတ်မှု ကနေဒါ သံရုံး အပြင်းအထန် ရှုတ်ချ
********************************
ဇန်နဝါရီ ၃ ၊ ၂၀၂၂ ။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အပြီးသတ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကို အပြင်းအထန်ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အရပ်သားနိုင်ငံရေးခေါင်းဆောင်များကို အပြီးသတ် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် လူ့အခွင့်အရး ချိုးဖောက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ထိုပြစ်ဒဏ်ချမှတ်မှုများသည် စစ်ကောင်စီက တရားစီရင်ရေး၏ အမှီအခိုကင်းမဲ့ခြင်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ထားပြီး နိုင်ငံခေါင်းဆောင်များကို အသံတိတ်အောင် တရားခွင်များ ဖန်တီးနေခြင်းဖြစ်ကြောင်း ရေးသားထားသည်။
မတရား ဖမ်းဆီးခံရသူအားလုံးလွှတ်ပေးရန်၊ အကြမ်းဖက်လုပ်ရပ်များ ရပ်တန်းကရပ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် စစ်ကောင်စီကို ကနေဒါသံရုံးက ထပ်လောင်း တောင်းဆိုထားသည်။
သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို စွဲဆိုထားသည့် အမှုများအနက် နောက်ဆုံးကျန်ရှိသည့် အဂတိအမှု ၅မှု တို့အတွက် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် နေပြည်တော်အကျဉ်းထောင် အထူးတရားရုံးကနေ အပြီးသတ် ပြစ်ဒဏ်မှတ်ခဲ့ခြင်း ဖြစ်သည် ။
လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ်စုစုပေါင်း ၃၃နှစ် နှင့် သမ္မတဦးဝင်းမြင့်သည် အမှု ၈ မှုအတွက် ၁၂ နှစ် ချမှတ်ခံထားရသည်။