ကြံစိုက်ပျိုးရေးတပ်ကို မဟာမိတ် ညီနောင်များ တိုက်ခိုက်
*******************
ဇန်နဝါရီ ၃ ၊၂၀၂၃။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ ကွင်းကိုး ကြံစိုက်ပျိုးရေးတပ်အား ကန့်ဘလူ မဟာမိတ်ညီနောင်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ဇန်နဝါရီ ၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ အင်အား (၆၀)ဝန်းကျင်ရှိသော ကွင်းကိုးကြံစိုက်ပျိုးရေးတပ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကန့်ဘလူ မဟာမိတ်ညီနောင်အဖွဲ့ ၆ ဖွဲ့ပူပေါင်းကာ ၆၀မမ (၁၀)လုံးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)မှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
” မြေပြင်က မဟာမိတ်ညီနောင် ၆ဖွဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာပါဗျ၊ သူတို့ဘက်က ထွက်မပစ်ရဲလို့ အထဲကပဲ ရမ်းပြီး ပြန်ပစ်ခဲ့တယ်၊ ထိခိုက်မှုတော့ ရှိနိုင်တယ်ဗျ၊ အတိအကျတော့ ပြောလို့မရသေးဘူး၊ ကျွန်တော်တို့ ရဲဘော်တွေတော့ အထိခိုက်မရှိပါဘူး ” ဟု ၎င်းက ပြောသည်။
ကွင်းကိုး ကြံစိုက်ပျိုးရေးတပ်သည် အနီးတစ်ဝိုက်ရှိ ရွာများအား ဖိအားပေးခြိမ်းခြောက် ပြီး ပျူစောထီး သင်တန်းတက်ခိုင်းခြင်းများကိုလည်း လုပ်ဆောင်နေသည့်အတွက် သွားရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
” ပြည်သူတွေကို ဖိအားပေးခြိမ်းခြောက်ပြီး ပျူစောထီး သင်တန်းတက်ခိုင်းတယ်၊ ရွာတွေလဲ မကြာခဏ မီးဝင်ရှို့ ဖျက်ဆီးပြီးတော့ တန်ဖိုးကြီး ပစ္စည်း ခိုးယူတာတွေလုပ်တယ်ဗျ၊ ပြည်သူတွေကို ဖမ်းပြီး ဘယ်လောက်နဲ့လာရွေးရမယ်ဆိုပြီး ငွေတောင်းတာတွေလည်းရှိတယ် ” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဆင်ရေး ကို Kanbalu Underground Warriors အပါအဝင် မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီ၊ ကန့်ဘလူမြို့နယ် ပကဖ၊ MPF U.18 နှင့် ကန့်ဘလူတောင်ခြမ်း LPDF အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။