အမီးလေး
စစ်ကိုင်းတိုင်းအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအားလုံး ယာယီပိတ်လိုက်သည်ဟု စစ်ကိုင်းသပိတ်ခေါင်ဆောင်အမျိုးသမီးတစ်ဦးက အတည်ပြုပြောသည်။
“ကျောင်းတွေ ပိတ်ကြပါတယ်။ NUG က ကျောင်းတွေကတော့ ကိုယ့်ဒေသအလိုက် စစ်ရေးလုံခြုံမှုအရ ဖွင့်ကြတာဆိုတော့ ဖွင့်ချိန်၊ ပိတ်ချိန် မတူကြဘူး။ တချို့ကျောင်းတွေကတော့ ဒီအချိန်က ကျောင်းပိတ်ရာသီတွေ ဖြစ်တယ်။ တချို့ကျောင်းတွေက ဖွင့်နေတဲ့ ကျောင်းတွေ ရှိတယ်။ ဖွင့်နေတဲ့ ကျောင်းတွေကလည်း ဒီပဲယင်းဖြစ်စဉ်အပေါ် တခြားရှေ့မှာဖြစ်ခဲ့တယ်။ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အဓိက ပစ်မှတ်ထားတာဖြစ်တဲ့အတွက် ဒီကျောင်းတွေမှာ မသင်ဘဲ ခေတ္တပိတ်ထားဖို့ ဟုတ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မြိုင်မြို့နယ်ရှိ မြေပြင်စာသင်ကျောင်းများအားလည်း စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မေလ ၁၂ ရက်မှစတင်ကာ ယာယီပိတ်ထားရသည်ဟု မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ အိုးတိန်တွင်းကျေးရွာရှိ ကလေးငယ်များ စာသင်နေသည့် ကျောင်းအား စစ်ကောင်စီတပ်အနေဖြင့် မေလ ၁၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၀ ဦးနှင့် ဆရာမ နှစ်ဦးတို့ သေဆုံးခဲ့ရသည်။
ထို့အပြင် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းတို့ကြောင့် မြေပြင်ကျောင်းများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်စေရန် ယာယီပိတ်ခြင်းဖြစ်သည်ဟု မေလ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံတဝန်း ယာယီအပစ်အခတ်ရပ်စဲရေးကို မေလ ၃၁ ရက်အထိ သက်တမ်းတိုးထားကြောင်းဂ ကြေညာခဲ့သော်လည်း အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များအား တိုက်ခိုက်မှုကို ယခုရက်ပိုင်း ပိုမိုတိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။
၂၀၂၃ ဇန်နဝါရီ ၁ ရက်မှ ယခု မေလ ၁၂ ရက်အထိ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်ပေါင်း ၂၆၇၉ ကြိမ် ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်များအတွင်း ကျောင်းပေါင်း ၂၄၀ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု NUG က ထုတ်ပြန်ထားသည်။
ပုံစာ – မေလ ၁၂ ရက်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံခဲ့ရသော အိုးတိန်တွင်းစာသင်ကျောင်းမြင်ကွင်း