ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်ခဲ့သည့် နိုင်ငံခြားသား ၃၃၇ ဦးအား မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှ တဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မှ တာဝန်ရှိသူများနှင့် အတူ ၎င်းတို့၏ မိခင်နိုင်ငံများထံသို့ မေလ ၁၃ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။
ယင်းသို့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား စတင် နှိမ်နင်းသည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ မှ မတ်လ ၁၉ ရက်အထိ တစ်လကျော်အတွင်း အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၇၃၆၃ ဦးကို ထိန်းသိမ်းထားကာ ယင်းထဲမှ ၄၈၈၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပြီးဖြစ်သည်ဟု စုံစမ်းသိရသည်။ ထိုထဲတွင် တရုတ်၊ အာဖရိကန်နိုင်ငံများနှင့် အာရှနိုင်ငံအချို့မှ နိုင်ငံသားများ အများဆုံးပါဝင်ကြသည်။
အွန်လိုင်းမှ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ လုပ်ဆောင်နေသည့် ကျားဖြန့်ဂိုဏ်းများအား ၂၀၂၅ ဇန်နဝါရီလမှ စတင်၍ ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ပြီး အဆိုပါလုပ်ငန်းများ လည်ပတ်နေသည်ဟု သံသယရှိသည့် ထိုင်း-မြန်မာနယ်စပ်က နေရာ ၅ ခုအား ထိုင်းနိုင်ငံမှ လျှပ်စစ်မီး ဖြတ်တောက်ခဲ့သည်။ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်မှတဆင့် လောင်စာဆီ၊ မီးစက်၊ ဆိုလာ၊ လျှပ်စစ်မီးနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူရောင်းချခွင့်ကို ထိုင်းနိုင်ငံမှ ကန့်သတ်ထားသည်။
ယင်းသို့ ကန့်သတ်မှုများ ရှိခဲ့သော်လည်း ထိုင်း-မြန်မာနယ်စပ်မှ ကျားဖြန့်လုပ်ငန်းများသည် ကိုယ်ပိုင်မီးစက်ဖြင့် လုပ်ငန်းများ လည်ပတ်နေဆဲ ဖြစ်သည်ဟု ဒေသတွင်း နေထိုင်သူများက ဆိုသည်။ လက်ရှိအချိန်အထိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ တစ်သိန်းကျော်အထိ ရှိသည်ဟု ထိုင်းရဲချုပ် ပြောဆိုချက်ကို ဘန်ကောက်ပိုစ့်သတင်းတွင် မတ်လ ၂၁ ရက်က ဖော်ပြထားသည်။
ယခုကဲ့သို့ ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများနှင့် တရားမဝင် လူကုန်ကူးခံရသူများ၊ လုပ်ကိုင်သူများအား ထိုင်း၊ တရုတ်အစိုးရနှင့် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပူးပေါင်း၍ ကယ်ထုတ်ကာ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။