မြဝတီမြို့နယ် တဝိုက်က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသည့် နိုင်ငံခြားသား ၅၇ ဦးအား သက်ဆိုင်ရာနိုင်ငံသို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ မှ တစ်ဆင့် လွှဲပြောင်းပေးခဲ့သည်ဟု သိရသည်။
၎င်း နိုင်ငံခြားသား ၅၇ ဦးသည့် မြဝတီမြို့နယ် တဝိုက်က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေ ကြခြင်းဖြစ်သည်။ ယနေ့ သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပေးသူ ၅၇ ဦးတွင် အိန္ဒိယနိုင်ငံသား ၃၇ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ၂၀ ဦးတို့ပါဝင်သည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် တဝိုက် ရွှေကုက္ကိုလ်၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်နယ်မြေတို့တွင် လုပ်ကိုင်နေသည့် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှ စတင်နှိမ်နင်းခဲ့သည်။ သို့သော် အဆိုပါ လုပ်ငန်းများသည် စတင်နှိမ်နင်းသည့် အချိန်တွင် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းသွားသော်လည်း ယခုအချိန်ထိတိုင် လည်ပတ်နေဆဲ ဖြစ်သည်။
ယင်းသို့ စတင်နှိမ်နင်းခြင်းအား ထိုင်း၊ မြန်မာနှင့် တရုတ်နိုင်ငံတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဩဂုတ် တတိယပတ်အထိ ပြည်ပနိုင်ငံသား ၉၃၀၀ ကျော်အား ထိန်းသိမ်းနိုင်ခဲ့သည်ဟု သိရသည်။











