ယာယီအပစ်ခတ်ရပ်စဲရေး သက်တမ်း တစ်လ ထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မေလ ၁၂ ရက် တစ်ရက်တည်းတွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များအား ၃ ကြိမ်ထက်မနည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းနေ အရွယ်ကလေးများ အပါအဝင် အပြစ်မဲ့ ပြည်သူ ၂၅ ဦးကျော် သေဆုံးခဲ့သည်။
မေ ၁၂ ရက် နံနက်က အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များအပါအဝင် အပြစ်မဲ့ပြည်သူ ၂၂ ဦး သေဆုံးခဲ့ရသည့် ဒီပဲယင်း ဗုံးကြဲတိုက်ခိုက်မှုအပြင် နောက်ထပ် နှစ်နေရာကို ဗုံးကြဲခဲ့သောကြောင့် ပြည်သူ ၄ ဦး ထပ်မံ သေဆုံးခဲ့ရသည်။
ဖြစ်စဉ် ၁
မေလ ၁၂ ရက် နံနက် ကိုးနာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိမ်းတွင်းကျေးရွာရှိ စာသင်ကျောင်းအား စစ်ကောင်စီမှ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့သည်။ အဆိုပါဗုံးသည့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းကို တိုက်ရိုက်ထိမှန်၍ ကျောင်းသား ၂၀ ခန့်နှင့် ဆရာမ နှစ်ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် ဒဏ်ရာရရှိသူ ၃၀ ဦးထက်မနည်းရှိသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ဖြစ်စဉ် ၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အလယ်ပိုင်းအား ယနေ့ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ်၏ လေကြောင်း ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦးသေဆုံးပြီး ငါးဦး ပြင်းထန်ဒဏ်ရာ ရရှိထားသည်ဟု Chaung U Revolution News-CRN က ထုတ်ပြန်သည်။
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ချောင်းဦးမြို့နယ် အလယ်ပိုင်းသို့ ဗုံးကြဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး လူနေအိမ်နှင့် တိရစ္ဆာန်များ သေဆုံးပျက်စီးသွားသည်ဟု သိရသည်။
ဖြစ်စဉ် ၃
စစ်ကိုင်းတိုင်းဒေသကြီး မြောက်ပိုင်း ကသာခရိုင် မော်လူးမြို့အား ယနေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးသုံးလုံး ကြဲချခဲ့ပြီး ရော့ကတ်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ အမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု Indaw Revolutio-IR မှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီက အာဏာစတင်သိမ်းခဲ့သည့် အချိန်မှ ယခုအချိန်ထိ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေပြီး အထူးသဖြင့် ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ငလျင်ကူညီကယ်ဆယ်ရေး အရေးပေါ် လုပ်ငန်းများ လုပ်ဆောင်ရန် အပစ်ခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ ရက်မှ မေလ ၄ ရက်အထိ လေကြောင်းမှ ၂၈၂ ကြိမ် တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၂၇၆ ဦး သေဆုံးခဲ့ပြီး ၄၅၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ – စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ချောင်းဦးနှင့် အင်းတော်တို့တွင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်းများ






