နိုင်ငံရေးသမား၊ ကဗျာဆရာ၊ စာရေးဆရာ တစ်ဦးဖြစ်သည့် ဦးဦးလှစော၏ နာရေးရက်လည်နေ့ လွမ်းဆွတ်ခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ယနေ့ မေလ ၁၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားပွဲကို ၇၆၊ ၈၈ စသည့် နိုင်ငံရေးမျိုးဆက်အသီးသီးက တက်ရောက်ခဲ့ပြီး ဦးဦးလှစောနှင့် ပတ်သက်သည့် အမှတ်တရတချို့ကိုလည်း ပြန်လည်ဝေမျှပြောခဲ့ကြသည်။
ဦးဦးလှစော ကွယ်လွန်ခြင်းသည် ရခိုင်လူထုအတွက်သာမကဘဲ မြန်မာပြည်သူလူထုအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်သည်ဟု ရက်လည်နာရေးအခမ်းအနားကို တက်ရောက်လာကြသည့် ဝါရင့်နိုင်ငံရေးသမားများမှ မှတ်ချက်ပြုပြောဆိုကြသည်။ ရခိုင်အမျိုးသမီးကွန်ယက် ဥက္ကဠ ဒေါ်ညိုအေးက “ဆရာရှိလို့ရင် သူ့ရဲ့ နီးစပ်ရာ လူငယ်တွေလည်း ပညာတစ်ခုမဟုတ် တစ်ခု ရကြမှာပဲ” ဟု မှတ်ချက်ပြုပြောသည်။
ဦးဦးလှစောသည် အသက် ၁၈ နှစ်အရွယ်မှစ၍ ကျောင်းသားလှုပ်ရှားမှုများတွင် စတင်ပါဝင်ခဲ့ပြီး ၈၈ အရေးအခင်းအလွန်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တွင် ပါဝင်ခဲ့သည်။ ကျောင်းသားလှုပ်ရှားမှုများ၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ဦးဦးလှစောသည် ၁၉၇၅ ခုနှစ်တွင် ထောင်ဒဏ် ၉ နှစ်နှင့် ၁၉၈၈ ခုနှစ်တွင် ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး RNDP နှင့် ALD ပါတီတို့ ပေါင်းစည်းရေးအတွက် ကြိုးပမ်းခဲ့သည်။
ထို့အပြင် ရခိုင်နိုင်ငံရေးအင်အားစုများ စုစည်းနိုင်ရန် ပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာရန်လည်း ကြိုးစားခဲ့သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကိုစောထွန်းက ပြောသည်။ “ဦးလှစော ကွယ်လွန်တဲ့ အရေးကိစ္စဟာ ရခိုင်အမျိုးသားထုတစ်ခုအတွက်မဟုတ်ဘဲနဲ့ ဗမာပြည်ဒီမိုကရေစီတိုက်ပွဲ ဗမာပြည်မှာ ရှိနေတဲ့ အမျိုးသားရေးတန်းတူတိုက်ပွဲတွေအတွက် အများကြီးဆုံးရှုံးနစ်နာမှုလို့ ရှုမြင်ပါတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၂ ခုနှစ်မှ စ၍ ULA/AA ၏ နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သော ဦးဦးလှစောသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၌ မေလ ၅ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ် ရှိသည်ဟု သိရသည်။
ပုံစာ- ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောနှင့် ရင်းနှီးသည့် နိုင်ငံရေးမျိုးဆက်အသီးသီးမှ အမှတ်တရစကားပြောကြား


