မြန်မာနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ၏ လုံခြုံရေးအား အာမခံချက်ပေးနိုင်ရန် မြိတ်-ထားဝယ်ဒေသရှိ ထီးခီးစခန်းအား ပြန်လည် သိမ်းပိုက်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က မေလ ၁၀ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထီးခီးစခန်း တပ်မဟာ ၄ နယ်မြေအား မဖြစ်မနေ ပြန်လည်ထိန်းချုပ်ရန် လိုအပ်သောကြောင့် မေလ ၉ ရက်က အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ စစ်ကောင်စီက ထီးခီးဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရုရှားနည်းပညာဖြင့် ၁၁၀ မဂ္ဂါဝပ် အနုမြူဓါတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်မည့် သတင်းအား စစ်ကောင်စီပိုင် သတင်းစာများတွင် ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ အနုမြူဓါတ်အားပေးစက်ရုံအား တည်ဆောက်ပြီးစီးပါက မြန်မာ- ထိုင်းနယ်စပ်တွင် နေထိုင်ကြသည့် ဒေသခံပြည်သူများ အတွက် လုံခြုံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းအပြင် အဆိုပါဒေသတွင် KNU နှင့် စစ်ကောင်စီတို့ကြား စစ်ရေးတင်းမာသည့်အခြေအနေများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအား လျှော့ချနိုင်ရန် အစီအစဉ်များ ရေးဆွဲထားသည်ဟုလည်း သိရသည်။
အဆိုပါ ထီးခီးစခန်းအား ၂၈ နှစ်နီးပါးကြာ လက်လွတ်ဆုံးရှုံးခဲ့ရပြီး ၂၀၂၅ ခုနှစ် မေလ ၉ ရက်တွင် KNU နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။