ခင်သရဖီဦး
အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် ကျောက်ဖြူတွင် စစ်ကောင်စီက အင်းအားဖြည့်တင်မှုများအား လုပ်ဆောင်နေကြရသည်ဟု အာရက္ခတပ်တော် AA နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် လေယာဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်ဘက်မှတဆင့် မာန်အောင် ပင်လယ်ပြင်ကို ဖြတ်၍ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် အခြေစိုက် ဓညဝတီ ရေတပ်ဌာနချုပ်သို့ စစ်ကူများ ပို့ဆောင်နေသည်ဟု အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
”စစ်တပ်ကတော့ ရေတပ်မှာရော၊ ကြည်းတပ်မှာရော စစ်ကူတွေ ထပ်တိုးနေတာ တွေ့ရတယ်။ ရန်ကုန်ကနေ နေဗီတွေ (ရေတပ်) နဲ့ ပို့တာရှိတယ်။ သူတို့ကတော့ တစ်ပတ်တစ်ခါလောက်တော့ အင်အား ထပ်တိုး ဖြည့်ထားတာတွေရှိတာပေါ့။ တိုက်ပွဲတွေမှာ သူတို့ဘက်က အကျအရှုံးများတော့ အင်းအားထပ်တိုးတာပေါ့လေ” ဟု ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်နှင့် AA တို့မှာ ဓညဝတီတပ်စခန်းနားတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများလည်း မြင့်တက်နေခြင်းကြောင့် ကျောက်ဖြူတွင် လုံခြုံရေးအင်အားများ တိုးချဲ့ချထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
”မြို့မှာလည်း ညမထွက်ရအမိန့်တွေ ထုတ်ထားတာရှိတယ်ပေါ့လေ။ နောက်ပြီးတော့ လုံခြုံရေးအင်အားကလည်း ရာနဲ့ချီပြီး တိုးမြှင့်ထားတယ်။ မြို့ဝင်မြို့ထွက်တွေကို ထောက်ခံစာပါမှ ပေးထွက်တာတွေ ရှိတယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်နှင့် AA တို့မှာ ကျောက်ဖြူတွင် တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေပြီး စစ်တပ်အနေဖြင့်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများအထိပါ ရေတပ်မှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် အရပ်သားထိခိုက်မှုများလည်း ရှိနေသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ဓညဝတီရေတပ်ဌာနချုပ် အခြေစိုက်ပြီး၊ ကျောက်တစ်လုံးဘုရားအနီးတွင် ခမရ (၅၄၂) ၊ ဂုံးချွိန်ရွာအနီးတွင် ခမရ (၅၃၄)၊ မလရ (၃၄)၊ ကျောက်ဖြူမြို့ထဲတွင် အမှတ် (၃၂) ရဲတပ်ရင်းနှင့် တောင်မော်ကြီး ရေတပ်ဌာနခွဲတို့ တပ်စွဲထားသည်။
ကျောက်ဖြူမြို့နယ်တွင် AA နှင့် စစ်တပ်တို့အကြား ဧပြီလ နောက်ဆုံးပတ်မှ စတင်၍ တိုက်ပွဲပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော်ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ ရခိုင်ပြည်နယ်ရှိ မြို့များထဲတွင် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များသာ အာရက္ခတပ်တော် AA သိမ်းပိုက်ရန် ကျန်ရှိနေပြီး အဆိုပါ မြို့များ မကျရှုံးစေရန်လည်း စစ်ကောင်စီမှ အပြင်းအထန် ကြိုးစားလျက်ရှိသည်။