ထိုင်းနိုင်ငံမှာ တကျော့ပြန်ကိုဗစ်ရောဂါကူးစက်မှု မြင့်တက်လာနေတာကြောင့် ကျန်းမာရေးအသိရှိရှိနဲ့ နေကြဖို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန DDC က ထုတ်ပြန်ထားပါတယ်။ မကြာခင် ကျောင်းဖွင့်ချိန် ရောက်လာတော့မှာဖြစ်သလို မိုးရာသီလို အချိန်မျိုးမှာ ရောဂါ ပိုပြီး ပျံ့နှံ့နိုင်တဲ့အတွက် ကိုဗစ်နဲ့ တုပ်ကွေးရောဂါဆိုင်ရာ ကာကွယ်ရေးလမ်းညွှန်ချက်တွေကို လိုက်နာဖို့ DDC က အကြံပြုထားပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၅ နှစ်စကတည်းက ကိုဗစ်ကြောင့် လူပေါင်း ၄၁,၁၉၇ ဦး ဆေးရုံတင်ခဲ့ရပြီး သေဆုံးသူ ၁၅ ဦး ရှိခဲ့ပါတယ်။ သေဆုံးသူအများစုက အသက် ၆၀ နဲ့အထက်ဖြစ်တယ်လို့ DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ပန်နူမတ်စ် ယန်ဝထ်ဆာကူလ်က မေလ ၈ ရက်မှာ ပြောခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာပဲ တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၂၂,၉၉၁ ဦးရှိခဲ့ပြီး ၄၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဘန်ကောက်မှာ ၂,၃၃၇ ဦး၊ ချွန်ဘူရီမှာ ၆၈၀ ဦး၊ နွန်သာဘူရီမှာ ၄၉၀ ဦး၊ ရနောင်း မှာ ၃၈၀ ဦးနဲ့ စမွတ်ပရာကန်မှာ ၃၂၇ ဦး ကိုဗစ်ကူးစက်ခံထားရတယ်လို့ ချူလာလောင်ကွန်းတက္ကသိုလ်မှာ တွဲဖက်ပါမောက္ခ တာဝန်ယူထားတဲ့ ဒေါက်တာ သီရာ ဝန်ရာတာနာရတ်က သူ့ရဲ့လူမှုကွန်ရက်မှာ အသိပေး ရေးသားထားပါတယ်။
ထိုင်းနိုင်ငံမှာ မေလ ၄ ရက်ကနေ ၈ ရက်အထိ ကိုဗစ်ကူးစက်ခံထားသူ ၇,၀၁၃ ဦးရှိခဲ့ပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ မွေးကင်းစကနေ အသက် ၄ နှစ်ကြားအရွယ်မှာ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ အသက် ၃၀ နဲ့ ၃၉ နှစ်ကြား၊ အသက် ၂၀ နဲ့ ၂၉ နှစ်ကြားအရွယ်တွေမှာ ကူးစက်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
မေလ ၄ ရက်ကနေ ၇ ရက်အတွင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှုက တုပ်ကွေးကူးစက်မှုထက် နှစ်ဆ ပိုများခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စတင်ပျံ့နှံ့လာခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် လူပေါင်း ၇ သန်းကျော် သေဆုံးခဲ့ပါတယ်။