နန်းဆုပန်ခန့်
ပဲခူး – ရန်ကုန် စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေရာ တိုက်ပွဲပြင်းထန်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါစစ်ဆင်ရေးအတွင်း ယခုမေလ ၈ ရက်တွင် Southern Eagle တပ်ရင်းမှ ဆေးမှူး တစ်ဦး ကျဆုံးသွားရသည်ဟုလည်း Southern Eagle တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။
၎င်းက “ကျသွားတဲ့ သူက ဆေးမှူး Lightning အသက်က ၂၇ ဗျ။ သူက ဒီ ၈ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ကျသွားတာ။ စနိုက်ဘာကျည်ထိပြီးတော့ပေါ့” ဟု ဆိုသည်။ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက် ကွမ်းဆိပ်ရဲစခန်းကို သိမ်းပိုက်ပြီးနောက် ကျန်စခန်းများကို ဆက်လက် တိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသည်ဟုလည်း သိရသည်။
၎င်းက “စစ်ဆင်ရးက ပထမတော့ ကျွန်တော်တို့ ကွမ်းဆိပ်စခန်းကို သိမ်းတယ်။ ပြီးတော့ ညောင်ခြေထောက်၊ ခမရ ၅၉၈ ကို ဝင်သိမ်းတာပေါ့လေ။ အခုအချိန်အထိ စစ်ကောင်စီဘက်က လေယာဥ် နဲ့ဗုံးလာကြဲနေတုန်းပဲ” ဟု တာဝန်ရှိသူက ပြောသည်။ လက်ရှိစစ်ဆင်ရေးတွင် ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် Southern Eagle တပ်ရင်းနှင့် အခြားသော NUG ကာကွယ်ရေး လက်အောက်ခံ တပ်ရင်းများ ပူးပေါင်းလုပ်ဆောင်နေသည်ဟုလည်း သိရသည်။ ပုံစာ – ကျဆုံးသွားသည့် ဆေးမှူး Lightning