မြန်မာနိုင်ငံသည် စစ်ပွဲနှင့် နိုင်ငံရေးပဋိပက္ခများ၊ ကိုဗစ်-19 ကပ်ရောဂါ၊ ရေကြီးမှုနှင့် ငလျင်ဒဏ်ကဲ့သို့သော သဘာဝကပ်ဘေးများကြောင့် များစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ငြိမ်းချမ်းရေးကိုအပူတပြင်းလိုအပ်နေသည်ဟု ဂျပန်နိုင်ငံရောက် မြန်မာ့ ငလျင်ကူညီရေးဦးဆောင်လှုပ်ရှားသူ ကိုတင်မျိုးထွန်းက ပြောသည်။
“ပြည်သူတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှု အထွေထွေကြပ်တည်းမှုတွေကြားမှာ ဒဏ်မခံနိုင်တော့ဘူးလေ။ အဲဒီလိုဆိုတော့ ပြည်သူတွေ အသက်ရှူချောင်ဖို့ပဲဖြစ်ဖြစ် အနည်းငယ် အသက်ဆက်လို့ ရအောင်ပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေးဆိုတဲ့ အသက်ရှူပေါက်လေးတော့ ဖွင့်ပေးသင့်တယ်ပေါ့လေ” ဟု ၎င်းက ပြောသည်။
ဂျပန်နိုင်ငံတွင် ဧပြီလ ၆ ရက်က ငလျင်ကြောင့် သေဆုံးသူများအတွက်နှင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို Osaka (အိုဆာကာ) မြို့သို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ စုပေါင်း၍ ပြုလုပ်ခဲ့ကြသည်။
“မြန်မာပြည်ဟာ ငြိမ်းချမ်းရေးကို အပူတပြင်း အရေးတကြီးလိုအပ်နေပြီဆိုတာကို ကမ္ဘာကြီးကို သတင်းစကားပါးကြဖို့ မြန်မာလူငယ်နှလုံးလှသူများ ပူးပေါင်းကြိုးပမ်းအားထုတ်ကြပါစို့၊ ငြိမ်းချမ်းရေးကြွေးကြော်သံကို ကျနော်တို့ကစပြီးမားမားမတ်မတ် ရှေ့ထွက်တောင်းဆိုကြပါစို့” စသည့် ကြွေးကြော်သံများနှင့် ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့်လ မတ်လ ၂၈ ရက်တွင် စစ်ကိုင်းမြို့အနီး၌ ဗဟိုပြုလှုပ်ခတ်ခဲ့သည် ငလျင်ဒဏ်ကြောင့် နိုင်ငံတဝှမ်းတွင် လူဦးရေ ၁၇ သန်းခန့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ISP Myanmar က ထုတ်ပြန်ထားသည်။
ငလျင်ဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း၊ ကျောက်ဆည်၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တောင်ငူ၊ ဝမ်းတွင်း၊ အင်းဝ၊ နေပြည်တော်၊ ရန်ကုန်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းက ဒေသများတွင် ထိခိုက်ပျက်စီးမှု များခဲ့ရသည်။
မတ်လ ၂၈ ရက်မှ ဧပြီလ ၈ ရက်အထိ ငလျင်ဒဏ်ကြောင့် နိုင်ငံတဝှမ်းတွင် သေဆုံးသူဦးရေ ၄,၃၅၅ ဦးနှင့် ဒဏ်ရာရရှိသူ ၆,၅၈၈ ဦးအထိ ရှိခဲ့သည်ဟု DVB Data Team ၏ အချက်အလက်များအရ သိရသည်။
ပုံစာ- ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့ရသူများနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲကို ဧပြီလ ၆ ရက်က ဂျပန်နိုင်ငံ Osaka မြို့တွင် ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၀၀ ကျော် စုပေါင်းပြုလုပ်ခဲ့သည်။



