ယနေ့တွင် ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးနှင့် အဖွဲ့အစည်းများက သူနှင့်တကွ မတရားဖမ်းဆီးခံထားရသူများအား လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ပြီး အာဏာစသိမ်းချိန် ထိန်းသိမ်းခံရစဉ်မှစ၍ အကျဉ်းကျလျက်ရှိစဉ် ဆင်နွှဲရသည့် ငါးကြိမ်မြောက် မွေးနေ့လည်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် သူနှင့်အတူ အခြား မတရားဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အကြပ်အတည်းကို အဆုံးသတ်ရန် သက်ဆိုင်သူအားလုံးနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံရန် စစ်အာဏာရှင်အဖွဲ့အစည်းကို တောင်းဆိုသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဆွစ်ဇာလန်သံရုံး၏ မွေးနေ့အထိမ်းအမှတ် ထုတ်ပြန်သောစာတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ၈၀ ပြည့် မွေးနေ့တွင် ဆွစ်ဇာလန်နိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံရှိ အခြားသော နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။
ဥရောပသမဂ္ဂအပါအဝင် ဂျာမန်သံရုံး၊ ပြင်သစ်သံရုံးတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်မှာ မွေးနေ့အထိမ်းအမှတ် ပိုစတာဒီဇိုင်းကို တင်ကာ ဂုဏ်ပြုထားကြသည်ကို တွေ့ရသည်။