ကော့ကရိတ်တိုက်ပွဲကြောင့် လမ်းများပိတ်နေ၍ တောလမ်းအသုံးပြုနေရာတွင် BGF ဂိတ်များက ငွေကြေးမတရား ကောက်ခံနေ
*********************************
ဒီဇင်ဘာ ၂၈ ၊ ၂၀၂၂ ။
ကရင်ပြည်နယ်၊ ကေ့ကရိတ်မြို့နယ်အတွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကားလမ်းများ ပိတ်နေသဖြင့် တောလမ်းခရီးကို အသုံးပြုနေသည့် အခြေအနေ၌ BGF ဂိတ်များက ငွေကြေးမတရား ကောက်ခံမှုများ ရှိနေသည်ဟု ခရီးသွားပြည်သူများထံမှ သိရသည်။
စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ဂိတ်များက ငွေကြေးကောက်ခံရာတွင် တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်သည့် ပြည်သူများမှာ ပုံမှန်ခရီးသွားပြည်များထက် ပိုက်ဆံ အပိုပေးနေရသည်ဟု ယာဉ်မောင်းများထံက သိရသည်။
ယခုလဒီဇင်ဘာ ၁၆ရက်နေ့ကတည်းက ဖြစ်ပွားနေသည့် ကော့ကရိတ်တိုက်ပွဲကြောင့် မြ၀တီ−ကော့ကရိတ်အာရှလမ်းမကြီး တောနော်ရေတံခွန်အနီးရှိ တံတား လက်နက်ကြီးထိမှန်ခဲ့ပြီးနောက် လိုင်းကားများနှင့် ကုန်တင်ကားများ သွားလာရန်ခက်ခဲနေပြီး ယခုအခါ တောလမ်းဖြစ်သည့် ထော့ကော်ကိုးလမ်းပိုင်းမှ သွားလာနေကြရသည်ဟု ယာဉ်မောင်းတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ရန်ကုန် – မြဝတီ ယာဉ်လှိုင်းဆွဲသည့် ယာဉ်မောင်းတစ်ဦးက ” BGF ဂိတ်သုံးဂိတ်ရှိတယ်။ ကားပေါ်မှာပါတဲ့သူတွေကို မှတ်ပုံစစ်တယ်။ တစ်ချို့ တိုင်းရင်းသားမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့သူတွေဆို ဂိတ်ကြေး ငါးထောင်ပေးရတယ်။ ပုံမှန်က တစ်ထောင်ပဲပေးရတာ။ အများအားဖြင့် လားရှိုး၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ မြစ်ကြီးနားဘက်ကနေသူတွေ ပိုပေးရတာ ” ဟုပြောသည်။
လမ်းခရီး အခက်အခဲများသွားလာရသည့်အတွက် ကားခများကိုလည်း အရင်ထက် နှစ်ဆကျော်ပိုပေးနေရသည်ဟု ခရီးသွားပြည်သူ အမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ပြောသည်။
” အရင်က မြ၀တီနဲ့ရန်ကုန်ဆို နှစ်သောင်းငါးထောင်ကျပ်ပေးရတယ်။ အခုတော့ စျေးကမတူဘူး။ ကားသမားတွေတောင်းသလိုပေးရတာပဲ။ ငါးသောင်းအနည်းဆုံးပေးရတယ် ” ဟုပြောသည်။
လမ်းများပိတ်နေမှုကြောင့် တောလမ်းအသုံးပြုရာတွင် လုံခြုံရေးအတွက်စိုးရိမ်ရသည့်အပြင် ခရီးကြန့်ကြာမှုကလည်း ပုံမှန်ထက် ၄ ဆနီးပါးအထိ ပိုကြာမြင့်သည်ဟု သိရသည်။
” အရင်ကလမ်းမကြီးအတိုင်းဆိုရင် မြ၀တီကနေ ကော့ကရိတ်ကို ၁နာရီကျော်ပဲကြာတယ်။ အခုက မြေလမ်းကနေသွားရတော့ ၄နာရီကျော်လောက်ကြာတယ်။ အခက်ခဲကတော့ လမ်းခရီးကြမ်းတာရယ် မြေလမ်းဆိုတော့ မောင်းရအဆင်မပြေဘူး ” ဟု ကားသမားတစ်ဦးက ပြောသည်။
လမ်းကြောင်းအခက်အခဲများရှိနေသော်လည်း အရေးကြီးသည့် ခရီးသွားများကလည်း ၃ဦး၊ ၄ဦးစပ်ပြီး ကားစင်းလုံးဖြင့်ငှား၍ သွားလာနေမှုများလည်းရှိနေပြီး ထိုသို့သွားလာရာတွင် တစ်ဦးလျှင် ကျပ်တစ်သိန်းကျော်အထိ ကုန်ကျသည်ဟု သိရသည်။