ကန့်ဘလူဒေသခံများ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံနေရ
**********************************
သံလွင်ခက်
ဒီဇင်ဘာ ၂၈၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်း၊ ကိုးတောင်ဘို့ တိုက်နယ်ကျေးရွာရှိ ဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ကောလင်းမြို့နယ်၊ အောက်ကျင်းရွာ တောင်ဘက်သို့ ထွက်လာသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ) ၃၆၃ စစ်ကြောင်းသည် ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် အောက်တဲရွာမှ နှမ်းအငှားရိတ်လုပ်သား ၅ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “ ကြံချက်ဖိုက လူငါးဦး ၊ကြံချက်နားပြီး နှမ်းအလိုင်းတွေ ဝင်တိုက်နေတဲ့ အချိန်မှာ မတိမ်းသာမရှောင်သာဖြစ်ပြီး ငါးဦး အဖမ်းခံလိုက်ရတာ ” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါက်ဆိန်ကုန်း ကျေးရွာအတွင်းသို့ မဝင်ရောက်မှီ နေ့လည်ပိုင်းက ဖမ်းဆီးခဲ့သည့် ပြည်သူ ၅ ဦးကို ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပေါက်ဆိန်ကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ညအိပ် တပ်စွဲခဲ့သည်။
ယနေ့ ဒီဇင်ဘာ ၂၈ မနက် ၆နာရီဝန်းကျင်တွင် ပေါက်စိန်ကုန်း ကျေးရွာ အနောက်ဘက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး စစ်ဘေးရှောင်နေသည့် အသက်၅၅ နှစ် အမျိုးသား ကျောင်းဆရာတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
သို့သော်လည်း ဖမ်းဆီးခံခဲ့ရသည် အဆိုပါ ကျောင်းဆရာကို အလယ်ခုံကျေးရွာအနီးတွင် ပြန်လည်လွတ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” ဒီနေ့မနက်မှာ ဖမ်းဆီးသွားတဲ့ ကျောင်းဆရာကို အထုပ်ထမ်းခိုင်းတယ်။ အသက်ကလည်းရနေတော့ သူအနေနဲ့ အထုတ်မထမ်းနိုင်တော့ ကျောကို သုံးချက်ရိုက်တယ်။ အလယ်ခုံကျေးရွာမရောက်ခင်မှာ သူ့ကို ပြန်လွှတ်ပေးခဲ့တယ်၊ ဖုန်းဆင်းကဒ်ကိုတော့ ယူသွားတယ် ” ဟု ဆိုသည်။
ကျောင်းဆရာကို ပြန်လည်လွတ်ပေးခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အလယ်ခုံကျေးရွာမှ ပြည်သူ ၃ ဦးကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၃ ဦးသည် ချပ်ကုန်းကျေးရွာသို့ရောက်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။