စစ်ကောင်စီ ရွေးကောက်ပွဲ ပညာရေးဝန်ထမ်းများအကြား စိုးရိမ်မှု မြင့်တက်
*******************
ဒီဇင်ဘာ ၂၉၊ ၂၀၂၂။
စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး မဲရုံမှူးအဖြစ် တာဝန်ယူရမည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ များအကြား စိုးရိမ်မှု မြင့်တက်နေသည်။
သံလွင်ခက် သတင်းဌာနအနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်း ၂၀ ခန့်ကို ဆက်သွယ်မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်း က မူလတန်းကျောင်းအုပ်ဆရာမ တစ်ဦးက သူမ၏ စိုးရိမ်မှုကို ယခုကဲ့သို့ ပြောသည်။
” တစ်ကယ်လို့ ရွေးကောက်ပွဲ လုပ်ခဲ့မယ်ဆိုရင် မဲရုံမသွားခင် သရဏဂုံတင်ထားရမယ်။သေရင်လည်းသေမယ်၊ အိမ်ပြန်ရောက်ချင်မှလည်းရောက်မယ်။ ဒီလိုစိုးရိမ်မှု ကျွန်မတို့ ဆရာ ဆရာမတွေတိုင်းမှာ ရှိနေတယ် ” ဟု သံလွင်ခက်ကို ပြောသည်။
လာမည့် ၂၀၂၃ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီက ပြုလုပ်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအကြား စိုးရိမ်မှု မြင့်တက်နေခြင်း ဖြစ်သည်။
ဧရာဝတီတိုင်း၊ လပွတ္တခရိုင်မှ မူလတန်းပြ ဆရာမတစ်ဦးကမူ မိသားစု စားဝတ်နေရေးအတွက် တာဝန်ထမ်းဆောင်နေရသော်လည်း ရွေးကောက်ပွဲတွင် အသက်အန္တရာယ် လုံခြုံရေး မရှိမည်ကို စိုးရိမ်သည်ဟု ဆိုသည်။
” ကျွန်မတစ်ယောက်တည်းက အကြောင်းမဟုတ်ဘူး။ သမီးလေးနဲ့ သားလေးရှိတယ်။ အခုကျွန်မတို့ဘဝက ဆုပ်လည်းစူး၊ စားလည်းရူး။ ရှေ့မတိုးသာနောက်မဆုတ်ရဲ ” ဟု ၎င်းက ပြောသည်။
သို့သော်လည်း လက်ရှိဖြစ်ပျက်နေသည့် မလုံခြုံမှုနှင့် မတည်ငြိမ်းမှုများသည် မည်သူနှင့်မှ မဆိုင်ပဲ အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့်သာ ဖြစ်သည်ဟု သံလွင်ခက်က ဆက်သွယ်ရရှိသည့် ဆရာ၊ ဆရာများက ထောက်ပြကြသည်။
စစ်ကောင်စီ အနေဖြင့် ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ပြောဆိုထားပြီး ရွေးကောက်ပွဲကျင်းပမည့် လုပ်ငန်းစဉ်များကို ပြင်ဆင်မှု အချို့လည်း ပြုလုပ်နေသည်။
စစ်ကောင်စီ ပြုလုပ်ရန် ရည်ရွယ်ပြင်ဆင်နေသည့် ရွေးကောက်ပွဲတွင် နိုင်သူ အကုန်ယူ (First Past The Post- FPTP) စနစ်မဟုတ်ဘဲ အချိုးကျ ကိုယ်စားပြုမှုစနစ် (Proportional Representation-PR) စနစ်ကို ကျင့်သုံးသွားမည်ဟု စစ်ကောင်စီထိန်းချုပ် ရွေးကောက် ပွဲကော်မရှင်နှင့် စစ်ကောင်စီ ခေါင်းဆောင်က တရားဝင် ပြောဆိုထားသည်။
သို့သော်လည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် နိုင်ငံတကာ နှင့် တော်လှန်ရေးအင်အားစု အသီသီးက ကန့်ကွက်နေကြသည်။
စစ်ကောင်စီ၏ ဦးဆောင်မှုဖြင့် ကျင်းပမည့် ရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်သွားမည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS က ဇွန်လ ၁၀ ရက်နေ့တွင် ကြေညာထားသည်။
မြန်မာနိင်ငံတွင် ကျင်းပခဲ့သည့် ၂၀၁၂(ကြားဖြတ်ရွေးကောက်ပွဲ) ၊၂၀၁၅ အထွေထွေရွေးကောက်ပွဲ ၊၂၀၁၇ (ကြားဖြတ်ရွေးကောက်ပွဲ)နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် ပညာရေးဝန်ထမ်းများသည် မဲရုံမှူး၊ ဒုမဲရုံမှူးများအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံးမှူး အဖြစ် တစ်နိုင်ငံလုံးမှ ဆရာ၊ ဆရာမပေါင်း တစ်သိန်းခွဲဝန်းကျင်က တာဝန်ယူဆောင်ရွက်ပေးခဲ့ရသည်။
ပုံစာ – ၂၀၂၀ ရွေးကောက်ပွဲတွင် မဲရုံမှူးအဖြစ်တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ။
Photo – MHP