သန္တာဖြူ
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ကလေး ၅ သန်းနီးပါးခန့် စာသင်ခန်းနဲ့ ဝေးကွာနေရပါတယ်။
စာသင်ကျောင်းမှာ ပညာဆည်းပူးရမယ့် ဒီကလေးအရေအတွက်ဟာ စစ်ပွဲတွေကြောင့် ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ၂၀၂၄ ခုနှစ်က ထုတ်ပြန်ထားပါတယ်။
ရုန်းကန်နေရဆဲ အခြေခံရပိုင်ခွင့်
သူတို့လေးတွေ စာသင်ခန်းထဲမှာ ပညာသင်ကြားခွင့်ရဖို့က ကမ္ဘာမြေပေါ်မှာ မွေးဖွားလာတဲ့ ကလေးတိုင်း ရပိုင်ခွင့်ရှိတဲ့ အခြေခံ အခွင့်အရေးပါ။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ကျောင်းနေ အရွယ်ကလေးတွေ ပညာသင်ကြားခွင့် ရရှိဖို့ကို အထူးအခွင့်အရေး တရပ်သဖွယ် မိဘတွေက ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။
အဲဒီလို ရုန်းကန်နေရတဲ့အထဲ ၂၀၂၁ ခုနှစ် အာဏာသိမ်းလိုက်ချိန်မှာ စစ်ကောင်စီကို ဆန့်ကျင်ကာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ပြီး ကရင်ပြည်နယ်က လွတ်မြောက်နယ်မြေ တစ်နေရာကို တိမ်းရှောင်နေရတဲ့ မနန္ဒာတို့ မိသားစုလည်း ပါဝင်ပါတယ်။
မနန္ဒာတို့ ဇနီးမောင်နှံမှာ တတိယတန်းတက်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ မနန္ဒာ အမျိုးသားက CDM ဝန်ထမ်း တစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ မိသားစုရဲ့ စားဝတ်နေရေးအတွက် ကားဝပ်ရှောခ့် တစ်ခုမှာ အလုပ် လုပ်နေရပါတယ်။
အာဏာမသိမ်းခင်အချိန်တုန်းကတော့ မနန္ဒာတို့ မိသားစုဟာ ရတဲ့ လခလေးနဲ့ လုံလောက်တာကြောင့် ငွေကြေး အတွက် အရမ်းပူပန်သောကရောက်ခဲ့ရတာမျိုး မရှိခဲ့ဖူးပါဘူး။ မြို့ပြလည်း ဖြစ်တော့ ကျွမ်းကျင်ရာ အလုပ်လေးတွေကို အားတဲ့အချိန်မှာ လုပ်ရင်လည်း အပိုဝင်ငွေတွေ ရှာဖွေနိုင်ခဲ့သေးတယ်လို့ အရင်က အကြောင်းကို သတိတရနဲ့ ပြန်ပြောပြပါတယ်။
အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ လုပ်ငန်းခွင်ကို ကျောခိုင်းပြီး နယ်မြေအသစ်မှာ စားဝတ်နေရေး အတွက် ကြုံရာကျပန်း ရုန်းကန်နေရတာပါ။
ဒီလို ကြုံရာကျပန်းလုပ်ကိုင်ပြီး မိသားစု စားဝတ်နေရေး အတွက် လုံးပန်းနေရတာကြောင့် ကလေးရဲ့ ပညာရေး အတွက် ပိုပိုလျှံလျှံ မရှိတဲ့အတွက် ကျောင်းဖွင့်ရာသီ ရောက်တိုင်း ပူပန်နေရတယ်လို့ မနန္ဒာက ပြောပါတယ်။
“လုံးဝ အဆင်မပြေတဲ့အခါကျရင် ပြန်တောင်းရတာလည်း ရှိတာပဲ။ အသိမိတ်ဆွေဆီက အောက်ကျို့ပြီး အကူအညီတောင်းတာပဲ ဖြစ်ဖြစ်ပေါ့နော်” ဟု ကလေးရဲ့ ကျောင်းစရိတ်အတွက် ဖြေရှင်းရပုံကို မနန္ဒာက ပြောပါတယ်။
စာသင်ကျောင်းကို စွန့်
အာဏာသိမ်းချိန်ကစလို့ ကလေးတွေ ပညာရေး မရပ်တန်းသွားဖို့အတွက် မနန္ဒာတို့ မိသားစုလိုပဲ ပြေးရင်းလွှားရင်း ကလေးကျောင်းစရိတ် အတွက် ရုန်းကန်နေရတဲ့ မိသားစုတွေ အများကြီးရှိနေတာပါ။
တချို့ မိသားစုတွေမှာ လူဦးရေများလွန်းတာကြောင့် အကြီးဆုံး ကလေးတွေက စာသင်ကျောင်းနဲ့ သူငယ်ချင်းတွေကို ကျောခိုင်းပြီး သူတို့ရဲ့ လက်သေးသေးလေးတွေနဲ့ မိသားစုရဲ့ ဝန်ကို ကူထမ်းနေကြရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ကလေးငယ်တွေ ကြားကာလ ပညာသင်ကြားရေးအတွက် အခြေခံပညာသင်ကျောင်းတွေ ဖွင့်လှစ်ထားတယ်ဆိုပေမယ့် လွတ်မြောက်နယ်မြေနဲ့ ထိန်းချုပ်နယ်မြေတွေ အားလုံးမှာ မဖွင့်လှစ်နိုင်သေးပါဘူး။
ဒီလို အခမဲ့ သင်ကြားနိုင်တဲ့ ကျောင်းတွေ မရှိသေးတဲ့ နယ်မြေတွေက ကလေးတွေဟာ စာသင်ကျောင်းရဲ့ အဝေးကို ရောက်မှန်းမသိ ရောက်ရှိသွားကြတာပါ။ အဲဒီနယ်မြေတွေမှာ အခကြေးငွေ အနည်းငယ်ယူပြီး သင်ကြားပေးနေတဲ့ စာသင်ကျောင်းအချို့ရှိပေမယ့် အိုးအိမ် စွန့်ခွာပြီး စစ်ရှောင်လာရတဲ့ မိသားစုတွေမှာတော့ ကလေးတွေကို ကျောင်းထားဖို့ထက် ဝမ်းဝအောင် ထားဖို့က ပိုအရေးကြီးနေတာပါ။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ပဋိပက္ခကြောင့် ဇာတိရပ်ရွာနဲ့ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သူ ၃ ဒဿမ ၅ သန်းနီးပါး ရှိပါတယ်။ အဲဒီ ပမာဏရဲ့ ၃၃ ရာခိုင်းနှုန်းကျော်က အရွယ်မရောက်သေးတဲ့ ကလေးတွေဖြစ်တယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF က ၂၀၂၄ ဒီဇင်ဘာမှာ ထုတ်ပြန်ထားပါတယ်။
အညာဒေသမှာ နေရပ်တိမ်းရှောင်နေတဲ့ နွမ်းပါးတဲ့ မိသားစု အချို့က ကလေးတွေကိုတော့ အတန်းပညာ ဆက်လက်သင်ယူနိုင်အောင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ကျောင်းလခ ထောက်ပံ့နေတာတွေ ရှိပါတယ်။
“တချို့ မိသားစုတွေဆိုရင် စစ်ရှောင်ရတဲ့အခါမှာ တချို့က စားဝတ်နေရေးအခြေအနေအားလုံး ပြောင်းလဲ သွားတယ်ပေါ့။ ပြောင်းလဲသွားတဲ့ အခြေအနေတွေမှာ ကျောင်းပညာရေးကို ဆက်လက် မထားနိုင်တော့တဲ့ ဟာတွေ ရှိတယ်”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုလို ကြိုးစားရုန်းကန်ပြီး အတန်းပညာသင်ကြားဖို့ ကျောင်းအပ်ထားနိုင်တိုင်းလည်း ကလေးတွေ အတွက် စိတ်မအေးရပါဘူး။ ကလေးတွေရှိတဲ့ စာသင်ကျောင်းတွေကို သီးသန့် ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ လေယာဉ်တွေကို ကြောက်ရပါသေးတယ်။
လေယာဉ်တွေ လာရင်တော့ စာသင်ကျောင်း ဘေးနားက ဗုံးခိုကျင်းကို တင်ပါးနဲ့ ဖနောင့် တသားတည်း ပြေးနိုင်မှ အသက်ရှင်ခွင့်ရမှာပါ။
“ဒီလိုပဲ စိုးရိမ်နေရတာပဲ။ စိုးရိမ်နေလည်း ထားရတာပဲ။ ကျောင်းပြောင်းထားဖို့ကလည်း မလွယ်ဘူးလေ” လို့ မနန္ဒာက ပြောပါတယ်။
လေကြောင်းရန်ကြားက စာသင်ကျောင်းတွေ
ဒီလို လေယာဉ်အန္တရာယ်ကြောင့် စာသင်ကျောင်းတွေကို လေကြောင်းက အကြိမ်ကြိမ် တိုက်ခိုက်ခံနေရတာကြောင့် ပျက်စီးသွားရသလို စာသင်ခန်းတွေဆီ သွားဖို့ ကြောက်သွားကြတဲ့ ကလေးတွေလည်း ရှိနေပါတယ်။
ကလေးတိုင်းအတွက် ပညာရေးဟာ အရေးကြီးတယ်လို့ ခံယူထားတဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က စစ်ပွဲတွေကြားမှာ ပညာဆက်လက်သင်ယူနိုင်ဖို့ နည်းလမ်းတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆွေးနွေး အကောင်အထည်ဖော်သင့်နေပြီလို့ ထောက်ပြပါတယ်။
ကရင်နီပြည်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ ကလေးအချို့ကတော့ စာသင်ကျောင်းဆိုတဲ့ စကားလုံးနဲ့ လေယာဉ်ပျံတဲ့ အသံကြားရင်တောင် ကြောက်ရွံတဲ့ စိတ်ဒဏ်ရာတွေ ရရှိနေတယ်လို့ အဲဒီဒေသမှာ ပရဟိတ လုပ်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စိတ်ခွန်အားပေးတာတွေ လုပ်ပေးနေရတယ်။ ကလေးတွေက ဗုံးကြဲတာတွေ မြင်ပြီး ကျောင်းမသွားချင်ကြ တော့ဘူး” လို့ ၎င်းက ဆိုပါတယ်။
စစ်ကောင်စီက အခြေခံပညာသင်ရိုးထဲမှာ “ကျောင်းနေပျော်၍ စာတော်ရမည်” ဟု ထည့်သွင်းရေးသားထားပေမယ့် လက်တွေ့မှာတော့ ကလေးတွေကို ပစ်မှတ်ထား လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတာပါ။
ဝေဝါးနေဆဲ ကလေးတွေရဲ့ ပညာရေး
အာဏာသိမ်းလိုက်တာကြောင့် တည်ငြိမ်နေတဲ့ မိသားစုတွေရဲ့ ဘဝတွေ ကသောင်းကနင်း ဖြစ်ခဲ့ရပြီး တချို့မိသားစုတွေက လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်ကြသလို တချို့ မိသားစုတွေကတော့ ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ကြပါတယ်။
အဲဒီလို ထွက်ပြေး တိမ်းရှောင်လာရသူ မိသားစုတွေဆိုရင်လည်း သားသမီးတွေရဲ့ ကျောင်းပညာရေးအတွက် ခေါင်းစားကြရပါတယ်။ ကိုယ်မကျွမ်းကျင်တဲ့ နယ်မြေမှာ စားဝတ်နေရေးအတွက် ကြုံရာကျပန်းလုပ်ပြီး ခက်ခက်ခဲခဲ ရုန်းကန်ရသလို ကလေးတွေရဲ့ ပညာရေးအတွက်လည်း အကောင်းဆုံးဆိုတာတွေကို ရွေးချယ်နိုင်စွမ်း မရှိဘဲ နီးစပ်ရာ ရွှေ့ပြောင်းကျောင်း တစ်ခုမှာသာ အပ်နှံ့နိုင်ခဲ့တယ်လို့ ကလေးတစ်ယောက် ဖခင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒီနှစ်မှာတော့ ထိုင်းအစိုးရကျောင်းတစ်ခုမှာ အပ်နှံ့ဖို့ အတွက် ထိုင်းမွေးစာရင်း ပြောင်းဖို့ ကြိုးစားနေတယ်လို့လည်း သူက ဆိုပါတယ်။
“ကျောင်းဝင်ခွင့်ဖြေတာတော့ အောင်သွားပြီ” လို့ ထိုင်းကျောင်းတက်ရတော့မယ့် သူသားလေးအတွက် ဝမ်းသာတဲ့ အသံနဲ့ အဲဒီ အမျိုးသားက ပြောပါတယ်။
ဒါပေမယ့် အခုလို အာဏာသိမ်းထားတဲ့ အခြေအနေမှာ ကလေးတွေ အားလုံးက အထက်တန်းပညာသင်ကြား ပြီးရင်တောင် တက္ကသိုလ်ပညာရေး အတွက် အခွင့်အလမ်းနည်းပါးပါတယ်။
လွတ်မြောက်နယ်မြေ၊ ထိန်းချုပ်နယ်မြေက ကလေးတွေနဲ့ မြန်မာနိုင်ငံ ပြင်ပကို ရောက်ရှိနေတဲ့ ကလေးတွေ အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အွန်လိုင်းကနေ ဒီပလိုမာအတန်းတွေ ဖွင့်ထားပေမယ့် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ဘွဲ့လက်မှတ်တွေရတဲ့ အတန်းတွေက နည်းနေသေးပါတယ်။
ထိုင်းနိုင်ငံနယ်စပ်က ရွှေ့ပြောင်းကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးတွေကတော့ အထက်တန်းပညာရေးပြီးရင် GED လို့ခေါ်တဲ့ အမေရိကန် အသိအမှတ်ပြု အောင်လက်မှတ် ရရှိဖို့ ကြိုးစားရမှာပါ။
အဲဒီလို ကြိုးစားပြီးရင်တောင် ပညာသင်ကြားဖို့ ကျောင်းလခ ကင်းလွတ်ခွင့်ရမယ့် စကောလားရှစ်တွေ လျှောက်ဖို့ဆိုတာကလည်း အရည်အချင်းနဲ့ လျှောက်ထားသူ ပမာဏအရ လိုအပ်ချက်ကွက်လပ်တွေက ရှိလို့နေပါသေးတယ်။
ဒါကြောင့် အာဏာရှင်စနစ်အောက်မှာ တစစီ ပြန့်ကျဲခဲ့ရတဲ့ မြန်မာ ကလေးတွေရဲ့ ပညာရေး ခရီးဟာ စစ်ကောင်စီက အာဏာသိမ်းထားနိုင်သရွေ့ ဆက်ပြီးဝေဝါးနေဆဲပါ။