အမီးလေး
ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်အတွင်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့-ပလဖနှင့် NLD လွှတ်တော်ကိုယ်စားလှယ်အမတ်ဟောင်း ဦးမြင့်ဟန်ထွန်းတို့ဦးဆောင်ပြီး ရွှေတူးဖော်မှုအား ဒေသခံများအနေဖြင့် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေသည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျနော်တို့ သိရသလောက်ကတော့ မြင့်ဟန်ထွန်းကိုယ်တိုင် ဦးစီးပြီးလုပ်နေတာ။ ကုမ္ပဏီကတော့ ဘယ်ကုမ္ပဏီလဲ မသိရဘူး။ ဘယ်သူဘယ်ဝါရယ် မသိရဘူး။ သူတို့ မျောဆိုတာပဲ သိရတာ။ ဒေသအတွင်းမှာ ရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေက လုပ်တာ မြင့်ဟန်ထွန်းဆိုတာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လေ။ ဒေသခံတွေ ကန့်ကွက်ဆန္ဒပြကြတယ်။ လုပ်ငန်းကတော့ စနေပြီ” ဟု ၎င်းက ဆိုသည်။
၎င်းရွှေတူးဖော်နေသည့် နေရာသည် မုံရွာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် မဝေးကွာသည့်အတွက် ဒေသခံများ အနေဖြင့် လေကြောင်းတိုက်ခိုက်ခံရမည်ကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။
ထို့ကြောင့် ချင်းတွင်းမြစ်အတွင်းတွင် ရွှေတူးဖော်ခြင်းလုပ်ငန်းများ ရပ်တန့်ရန် ဒေသခံများမှ ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
“သူတို့ အတင်းလုပ်တာ တစ်ကြောင်း၊ စစ်ကြောင်းထိုးမယ့် အန္တရာယ်ရယ်၊ စစ်ကြောင်းထိုးဖို့ကလည်း တော်တော်ကို နီးနီးနားနားမှာ ရှိတယ်။ လှမ်းထုမယ်ဆိုရင်လည်း မရောက်နိုင်တဲ့ နေရာမျိုးလည်း မဟုတ်ဘူး။ လေထီးအန္တရာယ်ကတော့ လောလောဆယ် မချသေးတာပဲရှိတာ။ ကျနော်တို့ ရွာပေါ်မှာတော့ နေ့တိုင်းပဲ သွားနေတာ” ဟု ဒေသခံအမျိုးသားက ပြောသည်။
ထို့အပြင် ဘုတလင်မြို့နယ်တွင် စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်ခြင်းကြောင့် ရွှေတူးဖော်ပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်နေသည်ဟု ဆိုသည်။
ပုံစာ – ရွှေတူးဖော်မှုအား အလိုမရှိကြောင်း ဒေသခံပြည်သူများ ဧပြီလ ၂၄ ရက်နေ့တွင် ဆန္ဒပြကန့်ကွက်