ယနေ့ ကော့ကရိတ်တိုက်ပွဲတွင်း၌ စစ်ကောင်စီ တပ်က ပစ်လိုက်သည့်လက်နက်ကြီးကျည်အစ ဦးခေါင်းထိမှန်၍ကော်ဘရာစစ်ကြောင်း၏ စနိုက်ပါရဲဘော် ဒေါက်ရှဲ ကျဆုံးခဲ့ရသည်ဟု သိရသည်။
” ဝပ်ကျင်းထဲဝင်နေတာ ခေါင်းထွက်နေတော့ အစက လာမှန်တာ။ ဆေးရုံအထိအသက်ရှိသေးတယ်။ ဆေးရုံရောက်တော့မှ အသက်မရှိတော့တာ “ဟု ကော်ဘရာစစ်ကြောင်းမှ စနိုက် ပါရဲဘော်တစ်ဦးက ရဲဘော်ထောက်ရှဲ ကျဆုံးခဲ့ရသည့် ဖြစ်စဥ်ကိုပြောသည်။
အသက်၂၉ နှစ်အရွယ်ရှိ CDM ဆရာဝန် ရဲဘော်ဒေါက်ရှဲသည် ယနေ့ဒီဇင်ဘာလ ၂၇ ရက်၊ နေ့လည် ၁နာရီနှင့်၁၉မိနစ်တွင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းကအတည်ပြုပြောကြားသည်။
” လက်နက်ကြီးက Howitzerတစ်ခါထုရင်၂ လုံး၊ ၁၂၀မမက ၃လုံးထုတာ။ သူမကျခင် သူ့နေရာကနေ ၄ကောင်လောက်စနိုက်ပါနဲ့ရသွားတယ်။ အဲ့မှာသူနေရာကိုသိပြီး ကောင်တာပြန်ထောက်တာ “ဟု ရဲဘော်ထောက်ရှဲလက်နက်ကြီး မထိမှန်မီ ရန်သူစစ်ကောင်စီတပ်သား ၄ဦးကို ရှင်းလင်းနိုင်ခဲ့သည်ကို ဘော်ဘရာစစ် ကြောင်းမှအခြားစနိုက်ပါ ရဲဘော်တစ်ဦးကပြောသည်။
” သူရခဲ့တာနဲ့ ပြန်ပေးဆပ်ရတာနဲ့လုံးဝ(လုံးဝ)မတန်ဘူး။ လုံးဝမလဲနိုင်ဘူး“ဟု ၎င်းက စိတ်မကောင်းစွာဖြင့်ပြောသည်။ ရဲဘော်ဒေါက်ရှဲကျဆုံးခဲ့ရသည့်အတွက် ကော်ဘရာစစ် ကြောင်းမှ ရဲဘော်များကလည်း ဝမ်းနည်းကြောင်း ဖော်ပြထားကြသည်။
” သင်တန်းကာလမှာ လေးကေ့ကော်ကို ပြန်အလည်သွားချင်လို့ ဒေါက်ရှဲကျနော်တို ဆေးခွင့်ပေးပါဆိုလို့ သူဆေးခွင့်လုပ်ပေးတယ်။ ငှက်ဖျားဖြစ်တိုင်းသူပဲဆေးထိုးဆေးတိုက်လုပ်ပေးတယ်။ စနိုက်ပါသင်တန်းကို အတူတူတက်ခဲ့ကြပြီး မွန်းမံကိုလည်းအတူတူသွားခဲ့ကြတယ်။
ပြန်လာတော့လည်းအတူတူ နေတော့လည်း တစခန်းထဲမှာပဲ။ အကုန်စုပြီး နေကြတယ်။ ရှေ့တန်းသွားရမယ်ဆိုရင်အကုန်လုံးဂရုစိုက်ဖို့မှာကြတယ်။ ပြန်နားရင်လည်း ကိုယ့်စခန်းနဲ့ကိုယ် မိသားစုလို ဝိုင်းလုပ်ဝိုင်းစားနဲ့ပဲနေလာခဲ့ကြတာ “ဟု ရဲဘော်ဒေါက်ရှဲနှင့်တစ်စခန်းတည်း အတူရှိနေခဲ့သည့် ကော်ဘရာစစ်ကြောင်းရဲဘော်တစ် ဦးကအမှတ်တရများကိုပြောသည်။
စစ်ကောင်စီတပ်များနှင့်KNLA ပူးပေါင်းတပ် များတိုက်ပွဲဖြစ်ပွားနေသည့်မှာ ၁၀ ရက်ဝန်းကျင်အထိရှိလာနေပြီးဖြစ်သည့် ကော့ကရိတ်တွင် ယနေ့တွင်လည်း နံနက် ၇နာရီခွဲမှစ၍ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ကလေ ကြောင်းမှ နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်း ၁မှ တာဝန်ရှိသူက သံလွင်ခက်ကိုပြောသည်။