၂၀၂၃ ခုနှစ်တွင် ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မည့် နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင်ကြိုးစားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် (၈၀) ကြိမ်မြောက် NUG အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ယာယီသမ္မတ ဒူဝါလရှီးလက ” ၂၀၂၃ ခုနှစ်ထဲမှာ ကျွန်တော်တို့အနေနဲ့ ပီပီပြင်ပြင် ပြတ်ပြတ်သားသား ဖြစ်မယ့်နိုင်ငံရေးရလဒ် တစ်ခုခုကို ထပ်မံပေါ်ထွက်အောင် ကြိုးစားရပါမယ်။ ဒီလို နိုင်ငံရေးရလဒ်မျိုးဟာ လူထုယုံကြည်မှုကိုရဖို့ တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ဖက်ဒရယ်နိုင်ငံတစ်ခု ဖြစ်ထွန်းဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းသစ်ဖြစ်ဖို့လည်း ရည်ရွယ်ပါတယ် ” ဟုဆိုသည်။
ထို့အပြင် ၂၀၂၃ ခုနှစ်သည် စစ်ကောင်စီ၏ ပင်မအရင်းကို တူးဖြိုပစ်ရမည့် အချိန်ကို ရောက်ရှိသည်ကို ယုံကြည်ကြောင်းနှင့် ခုခံတော်လှန်စစ်ကို မဟာဗျူဟာကျကျ ဆင်နွှဲသည့်နေရာတွင် ခုခံရုံနှင့်သာမက စစ်ကောင်စီ အရှိုက်ကို ကိုင်လှုပ်နိုင်မည့် ထိုးစစ်မျိုးကိုလည်း လုပ်ဆောင်ရလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း ပြည်ထောင်စုဝန်ကြီးချုပ်အနေဖြင့် မြေပြင်ရဲဘော်များနှင့် သွားရောက် တွေ့ဆုံမှုကို ဝမ်းသာကြောင်းနှင့် ယခုကဲ့သို့ဆောင်ရွက်ချက်များသည် အချင်း ချင်းကြား ယုံကြည်မှုနှင့် တော်လှန်ရေးအတွက် လက်တွဲခိုင်မာမှုကို ပိုမိုတိုးတက်စေသည်ဟု ပြောကြားခဲ့သည်။
တော်လှန်ရေးရလဒ် အောင်ပွဲများသည် အားလုံး၏ ကြိုးစားအားထုတ်မှုနှင့် ဖြစ်ပေါ်လာသည့် အောင်ပွဲရလဒ်ဖြစ်ပြီး အောင်ပွဲအရပ်ရပ်သည် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ အောင်ပွဲဖြစ်သည်ဟုယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
ထို့ပြင် အစိုးရအဖွဲ့တာဝန်ရှိသူများအနေဖြင့်လည်း လူထုအားကိုးထိုက် ယုံကြည်ထိုက်သည့် ခေါင်းဆောင်များဖြစ်အောင် အစဉ်အမြဲ ကြိုးစားအားထုတ်နေထိုင်ရမည်ဟု မှာကြားခဲ့သည်။