မန္တလေးမြို့ကပုဂ္ဂလိကဆေးရုံ ၅ ရုံကို ပိတ်သိမ်းရန် စစ်ကောင်စီ ဖိအားပေး
**************************
ဒီဇင်ဘာ ၂၇၊ ၂၀၂၂။
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဂ္ဂလိကဆေးရုံ ငါးရုံကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားပိတ်သိမ်းရန် တွန်းအားပေး စေခိုင်းခဲ့သည် ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။
ထိုဆေးရုံများသည် CDM ကျန်းမာရေးဝန်ထမ်းများကို ခန့်အပ်သည်ဟု စွပ်စွဲချက်ဖြင့် ပိတ်သိမ်းရန် စေခိုင်းခံရခြင်းဖြစ်ပြီး အရေးပေါ်လူနာများလည်း ထပ်မံလက်ခံခြင်း မရှိတော့ဟု မန္တလေးဒေသခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ CDM ဆရာဝန်တွေတောင့်ခံနိုင်တာ ပုဂ္ဂလိကဆေးရုံတွေကြောင့်ဆိုပြီးမဲနေတာကြာပြီ။ CDM ဆရာဝန်တွေခန့်တာလည်းပါတယ်။ ဆေးရုံကြီးကိုပြန်မဝင်ကြလို့လေ။ လောလောဆယ် မပိတ်ရသေးဘူး လကုန်ပိတ်ခိုင်းမယ် ပြောတာ။ အရေးပေါ် လူနာလည်း ထပ်လက်မခံတော့ဘူး ရှိတဲ့သူပြန်လို့ရရင် ပြန်ခိုင်းနေတာ ” ဟု၄င်းက ပြောသည်။
ယခုလအတွင်းပင် အရပ်ဝတ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် မန္တလေးရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံကို ဝင်ရောက်ပြီး ဓာတ်မှန်ဌာနက ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံများကို ဇန်နဝါရီလ ၁ရက်နေ့မှ အနည်းဆုံး သုံးလကြာသည်ထိ ပိတ်ထားရန် စေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကိုပြေသည်။
၎င်းက ” CDM လုပ်တဲ့ဆရာဝန်တွေကို လက်ခံလို့ပိတ်ခိုင်းတာ၊ CDM လုပ်ထားတဲ့ ကျောက်ကပ်ပါရဂူဆရာကြီးကိုဖမ်းသွားပြီး ပိတ်ခိုင်းခဲ့တာ ” ဟု၄င်းက ပြောသည်။
ဆီးနှင့် ကျောက်ကပ် ခွဲစိတ်အထူးကု ဆရာဝန်ကြီးဖြစ်သည့် မန္တလေးဆေးတက္ကသိုလ်က CDM ပါမောက္ခ ဒေါက်တာဝင်းခိုင်သည် နန်းတော် ပုဂ္ဂလိကဆေးရုံတွင်ရှိစဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ လူနာဟန်ဆောင်ပြီး အရပ်ဝတ်နှင့် ဝင်ရောက်ဖမ်းဆီးသွားခြင်း ခံခဲ့ရသည်။
စစ်ကောင်စီတပ်က ဆေးရုံပိတ်သိမ်းရန် စေခိုင်းမှုနှင့် ပတ်သတ်၍ မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံနှစ်ရုံကို သံလွင်ခက်က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
မန္တလေးတိုင်း၊ မန္တလေးမြို့တွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်ဖမ်းဆီးလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။